Home
မြန်မာသတင်း
လားရှိုးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ စဥ့်ကူးနှင့် မတ္တရာတွင် ပြည်သူ ၅ ဦး အသတ်ခံရ
DVB
·
October 26, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟိုနမ့်ရွာမှာ အောက်တိုဘာ ၂၅ ရက် ညသန်းခေါင်က စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ပြည်သူတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်နဲ့ ကိုးကန့်သတင်းအရ သိရပါတယ်။

ကူညီခဲ့တဲ့ ဒေသခံ အမျိုးသားတဦးက “သုံးယောက်စလုံး မိန်းကလေးဗျ။ မနေ့က ည ၁၁ နာရီခွဲ ဖြစ်တာလို့ ပြောတယ်ဗျ။ ဟုတ်ကဲ့ ညမှာ။ ဒီနေ့တော့ အေးအေးဆေးဆေးပါပဲဗျ” လို့ ပြောပါတယ်။

အမျိုးသမီးတဦးက သေဆုံးသွားပြီး နောက်ထပ် အမျိုးသမီးနှစ်ဦးကတော့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရထားတယ်လို့ ဆိုပါတယ်။

“အမျိုးသမီးကြီးတယောက် သေသွားတယ်” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က အောက်တိုဘာ ၂၅ ရက် ည ၁၁ နာရီခွဲလောက်က ဟိုနမ့်ရွာကို လက်နက်ကြီးသုံးလုံး ပစ်ထည့်ခဲ့ကြောင်း ဒီနေ့မှာ ကိုးကန့်ဘက်ကလည်း သတင်းထုတ်ထားပါတယ်။

ရှမ်းလူမျိုး အသက် ၅၅ နှစ်အရွယ်ရှိ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အသက် ၈၀ အရွယ်နဲ့ ၄၈ နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၅ ရက်က လားရှိုးမြို့နယ် ကွမ်းလုံ၊ ဟိုပန်ဘက်နဲ့ လားရှိုး ကုန်းဆာ ရှမ်းရွာဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ် မြို့နယ်တွေမှာ အခုနှစ် ဇူလိုင်လကစပြီး လက်ရှိထိ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူ ပြည်သူ ၆ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးနဲ့အထက် ရှိပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက်နေ့မှာ ဝင်ရောက်  မီးရှို့ခဲ့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ခုတော့ စစ်ကြောင်းက ထွက်သွားပြီ၊ မန္တလေးဘက်ကို စုန်သွားတယ်၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာက အမည်မသိ အမျိုးသားပြည်သူ နှစ်ဦး၊ မတ္တရာမြို့နယ် ငယ်တိုးနဲ့ သဖန်းဒေါင့်ကျေးရွာမှာ အမည်မသိအမျိုးသား သုံးဦး အလောင်းတွေ့ခဲ့ရပါတယ် "လို့  ပြောပါတယ်။

မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာနဲ့ ငယ်တိုးရွာကိုဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကြောင်းက ကြက်တူရွေးရွာကို အောက်တိုဘာ ၂၅ ရက် ည ၆ နာရီမှာ ဝင်ရောက်ပြီး ရွာတွေကိုမီးရှို့ကာ သဲအင်းရွာသားတယောက်ကို ဓားစားခံအဖြစ် ဖမ်းဆီးသွားပါတယ်။

မတ္တရာမြို့နယ်မှာ တွေ့ရှိရတဲ့ အလောင်း ၃ လောင်းထဲမှာ သဲအင်းရွာမှ ဖမ်းဆီးသွားတဲ့ အသက် ၅၂ နှစ်အရွယ်အမျိုးသားဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်စစ်သားတွေ မီးရှို့ခဲ့တာကြောင့် သဲအင်းရွာက ကျေးလက်ဆေးပေးခန်းတစ်ခုနဲ့ နေအိမ် ၅ လုံး၊ သဖန်းဒေါင့်ရွာက နေအိမ် ၁ လုံး ၊ ငယ်တိုးရွာကနေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ရပြီး  ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၁၀၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024