
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၃ ခု အောက်တိုဘာ ၂၆ ရက် မနက်အစော ၅ နာရီက စတင်တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း၊ ရွှေမြင်ဝင်းဘုန်းကြီးကျောင်းက စစ်သားတွေနဲ့ ဂွေးပင်တပ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရတာလို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံတဦးက “မနက်အစောပိုင်းမှာ ပစ်သံတွေက ဆူညံနေတာပဲ။ မြို့ထဲမှာ အရင်ပစ်ပြီးမှ ဂွေးပင်ဘက်မှာ အသံကြားတာ။ တိုက်ပွဲက ကြာတယ်။ လက်နက်ပစ်သံတွေက ဆူညံနေတာပဲ။ ဒရုန်းတွေကောပဲ။ မြို့ထဲမှာဖြစ်ကတည်းက ဂွေးပင်ဘက်ကို သွားမရဘူး” လို့ ပြောပါတယ်။
မိုးကုတ်မြို့ ဂွေးပင်တပ်စခန်း တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်က လမ်းပိတ်ထားတဲ့အတွက် ခရီးသည်ကားတွေ ပြန်လှည့်ခဲ့ရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းက တပ်စခန်းတွေကို TNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာ ဖြစ်ပြီး အသေးစိတ်အခြေအနေကို စစ်ရေးအရ မဖော်ပြသေးဘူးလို့ မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၃ ရဲ့ တပ်ရင်းမှူးက ဆိုပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။
မိုးကုတ်မြို့အရှေ့ပိုင်းက ဗျူဟာကုန်းကနေလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ လက်နက်ကြီးအချက်ရေ ၂၀ နီးပါး ပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်တပ်က ၁၅၅ ေဟာင်ဝစ်ဇာ လက်နက်ကြီး စမ်းသပ်နေတာကြောင့် ရှောင်ထားဖို့ ဗျူဟာကုန်းအနီး နှလုံးရောဂါအခံရှိသူနဲ့ သက်ကြီးရွယ်အိုတွေကို စစ်တပ်ဘက်က သတိပေးခဲ့တယ်လို့ သိရပါတယ်။










