Home
နိုင်ငံတကာ
ဂါဇာရှိ ဟားမတ်စ်ပစ်မှတ်များကို အစ္စရေးကြည်းတပ် ဝင်တိုက်၊ UNRWA ကျောင်း တိုက်ခိုက်ခံရ
DVB
·
October 26, 2023

အစ္စရေး ကြည်းတပ်ဟာ ဂါဇာမြောက်ပိုင်းကို အောက်တိုဘာ ၂၆ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး တပ်တွေကို ပြန်မဆုတ်ခင် ဟားမတ်စ်တွေရဲ့ ပစ်မှတ် အတော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ လတ်တလော စစ်ပွဲအတွင်း အကြီးဆုံး မြေပြင်ကျူးကျော်မှုလို့ အစ္စရေးစစ်တပ် ရေဒီယိုက ထုတ်လွှင့်ခဲ့ပြီး ညဘက် စီးနင်းနေပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သံချပ်ကာကားတွေက နယ်စပ်ဇုန်ကို ဖြတ်မောင်းနေပြီး ကမ်းပါးတွေကို မြေကော်စက်နဲ့ ထိုးချနေတာ၊ တင့်ကားတွေက ပစ်ခတ်နေတာနဲ့ ပျက်စီးနေတဲ့ အဆောက်အဦတွေကြားမှာ ပေါက်ကွဲနေပုံတွေကို မြင်ရပါတယ်။

တိုက်ပွဲအဆင့်သစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က အွန်လိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ စစ်သည်တွေက အဲဒီနေရာကနေ ပြန်ထွက်ပြီး အစ္စရေးပိုင်နက်ထဲကို ပြန်လာပြီလို့ စစ်တပ်ကြေညာချက်က ဆိုပါတယ်။

အခုလိုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဂါဇာက ဟားမတ်စ်တွေက မှတ်ချက် တစုံတရာ မပြောသေးပါဘူး။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းမြို့ဖြစ်တဲ့ ရာဖာမှာလည်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNRWA) ပိုင်ကျောင်းကို အနီးကပ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာရှိ UNRWA အေဂျင်စီက အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကျောင်းမှာ လူပေါင်း ၄,၆၀၀ လောက် ခိုလှုံနေတာဖြစ်ပြီး အဲဒီမှာ သိုလှောင်ထားရှိတဲ့ ပစ္စည်းအတော်များများလည်း ပြင်းပြင်းထန်ထန် ပျက်စီးကုန်ကြောင်း သိရပါတယ်။

ဂါဇာကို လောင်စာဆီတွေ ရောက်မလာဘူးဆိုရင် UNRWA အနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို မဖြစ်မနေ လျှော့ချလိုက်ရတာကနေ လုံးဝကို ရပ်ပစ်လိုက်ရမှာဖြစ်ကြောင်း UNRWA ရဲ့ X လူမှုကွန်ရက်အကောင့်မှာ ပို့စ်တင်ထားပါတယ်။

အစ္စရေးစစ်တပ်ကလည်း ဂါဇာကမ်းမြောင် ဒုက္ခသည်စခန်းရှိ ဟားမတ်စ်ပစ်မှတ်ကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားပြီး အောက်တိုဘာ ၂၃ ရက် နှောင်းပိုင်းမှာ လူဒါဇင်ပေါင်းများစွာ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မြေထဲပင်လယ်ကမ်းရိုးတန်းကို ထိစပ်နေတဲ့ ဂါဇာရှိ အယ်လ်ရှာတီ စခန်းက ဟားမတ်စ်တွေအတွက် ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။

ပါလက်စတိုင်းမီဒီယာမှာတော့ စခန်းအတွင်းရှိ လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံထားပေမဲ့ ရိုက်တာကတော့ အဲဒီသတင်းတွေကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ပါလက်စတိုင်း သေဆုံးသူဦးရေ ၆,၅၄၆ ဦးရှိပြီး ၁၇,၄၃၉ ယောက် ဒဏ်ရာရထားတယ်လို့ ပါလက်စတိုင်း ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024