DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ခွဲစိတ်ကုသမှုခံယူ၊ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
DVB
·
October 26, 2023
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ခွဲစိတ်ကုသမှုခံယူ၊ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
Donate to DVB

အာဏာအလွဲသုံးစားမှု၊ တာဝန်ဝတ္တရားလျစ်လျူရှုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထောင်ဒဏ် အပြစ်ပေးခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြင်ပဆေးရုံတခုမှာ  အရိုးခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ အောက်တိုဘာ ၂၃ ရက် မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီထိ ၅ နာရီကြာ အရိုးခွဲစိတ်ကုသခံခဲ့ပြီး NICU နာလန်ထလူနာဆောင်မှာ နားနေရကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

သက်ဆင်ဟာ ထောင်ထဲမှာ မနေနိုင်လို့ ကျန်းမာရေးအကြောင်းပြပြီး အပြင်ဆေးရုံမှာ နေနေတာလို့ သံသယရှိနေကြပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူနဲ့ တခြားအဖွဲ့က ကိုယ်စားလှယ်တွေဟာ သူ့‌ရောဂါအကြောင်း ပွင့်လင်းမြင်သာချပြဖို့၊ လူနာကို သွားရောက်ကြည့်ရှု သတင်းမေးခွင့်ပြုဖို့ ရဲဆေးရုံအောက်မှာ သွားရောက်တောင်းဆိုတာ၊ ဆိုင်းဘုတ်တွေထောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာ ၂၂ ရက်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဆေးရုံတက်တာ ရက်ပေါင်း ၆၀ ပြည့်တဲ့နေ့ဖြစ်လို့ ရှေ့နေ နုတ်ခေါင် ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားအဖွဲ့ဟာ ဆေးရုံရှေ့မှာ ပိုစတာတွေထောင်၊ အကျဉ်းထောင်ပုံစံနဲ့ သရုပ်ပြပြီး လူနာတွေ့ဖို့  တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဆေးရုံလုံခြုံရေးရဲတွေက ပေးမတွေ့ဘဲ ဆရာဝန်နဲ့ပဲ ပေးတွေ့တယ်၊ ဆရာဝန်ကလည်း လူနာက သူလက်ခံတွေ့ဆုံလိုသူမှ ပေးတွေ့လို့ရတယ်၊ ဒါဟာ လူနာရဲ့အခွင့်အရေးဖြစ်တယ်၊ သူ့ရဲ့ ရောဂါအခြေအနေမှာလည်း ဆေးရုံစည်းကမ်းကျင့်ဝတ်အရ အသေးစိတ် ပြောလို့မရဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်း ပြင်ပဆေးရုံမှာ ရက်ရှည်ကုသမှုခံယူတာဟာ အထူးအခွင့်အရေး ရနေတာ မဟုတ်ကြောင်း၊ အကျဉ်းထောင်ဆေးရုံမှာ မကုသနိုင်တဲ့ အကျဉ်းသားလူနာတွေကို ပြင်ပဆေးရုံကို လွှဲပေးနေတာဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်တယ်၊ မနှစ် အောက်တိုဘာ ၁ ရက်ကနေ ကနေ့ထိ ပြင်ပဆေးရုံမှာ သွားရောက်ကုသဖို့ လွှဲပြောင်းပေးခဲ့တဲ့ အကျဉ်းသားလူနာ ၁၄၉ ဦးရှိတယ်၊ အဲဒီထဲမှာ ရက် ၃၀ ကျော်နေခဲ့သူ ၁၁၅ ဦး၊ ရက် ၆၀ ကျော် နေရသူ ၃၀ ဦးနဲ့ ရက်ပေါင်း ၁၂၀ ကျော် နေသူ ၄ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုင်းပြည်နဲ့လူမျိုး မြတ်နိုးတဲ့အဖွဲ့ (ပုဂ္ဂလိကအဖွဲ့) ခေါင်းဆောင် ဆီဆုဝမ်း ကျန်းယားကတော့ ဝန်ကြီးချုပ်ဟောင်း ပြင်ပဆေးရုံမှာ ရက်ပေါင်းရှည်ကြာ တက်ရောက်ကုသတဲ့ အပေါ် သံသယရှိတဲ့အတွက် ဒီကိစ္စအပေါ် စစ်ဆေးဖို့၊ သူ့ကို ကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်တွေကို စစ်ဆေးဖို့ ဆေးဘက်ဆိုင်ရာကောင်စီကို စာတစောင် ပေးပို့လိုက်ပါတယ်။

ဒီမိုကရက်ပါတီ လွှတ်တော်အမတ်ဟောင်း ခွန်နိဖစ် အင်ထနဆွန်ဘတ်ကတော့ တိုင်းပြည်မှာ ပါဝါအာဏာရှိသူတွေက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကာအကွယ်ပေးထားတဲ့အတွက် သွားရောက်တောင်းဆိုသူတွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး၊ သူဟာ အကြောင်းပြချက်အမျိုးမျိုးတွေနဲ့ လွတ်ရက်ပြည့်တဲ့ထိ အပြင်မှာ နေသွားလိမ့်မယ်လို့ ဝေဖန် သုံးသပ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ စစ်ကောင်စီအစိုးရလက်ထက်မှာ ဝရမ်းပြေးဘဝနဲ့ ပြည်ပမှာ ၁၅ နှစ်ကျော် ရှောင်တိမ်းနေပြီး ဒီ ၂၀၂၃ ခုနှစ်မှာတော့ သူတည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်း(ရှပ်နီ)ပါတီက အစိုးရဖြစ်လာတဲ့အတွက် တိုင်းပြည်ကို ပြန်လာခဲ့တာပါ။

သက်ဆင်ရှင်နာဝပ်ဟာ လက်ရှိ နိုင်ငံရေးနဲ့မပတ်သက်ဘဲ တရားဥပဒေကပေးတဲ့ အပြစ်ကို ခံယူပါ့မယ်ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်က ပြန်ရောက်လာတယ်၊ အဲဒီနေ့မှာပဲ တရားရုံးက အမှုစစ်ပြီး ထောင်ဒဏ် ၈ နှစ် လျှော့ပေးလိုက်ပါတယ်။

သူဟာ ထောင်ထဲမှာနေတာ ၂၄ နာရီမပြည့်ခင် အဲဒီ ဩဂုတ် ၂၂ ရက် ညသန်းခေါင်ကျော် အချိန်မှာပဲ ရုတ်တရက် နေထိုင်မကောင်းဖြစ်ပြီး ဘန်ကောက်အကျဉ်းထောင်ဆေးရုံကနေ ပြင်ပအကျဉ်းထောင်ဖြစ်တဲ့ ရဲဆေးရုံကို ရွှေ့ပြောင်း ကုသလိုက်ရပါတယ်။

သူ့မှာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အာရုံကြောဆိုင်ရာရောဂါနဲ့ ကျောရိုးချို့ယွင်းတဲ့ရောဂါ ရှိကြောင်း ရဲဆေးရုံက ထုတ်ပြန်ခဲ့ပြီး အတွင်းလူနာအဖြစ် ကုသမှုခံယူနေပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြည်ပမှာရှိနေချိန် အားကစားနဲ့ ကျန်းမာရေးလိုက်စားပြီး မြေးတွေနဲ့အတူ လည်ပတ်၊ ဆော့ကစား၊ ရေကူးနေတဲ့ပုံတွေ လူမှုကွန်ရက်မှာ တွေ့ရပြီး ပြန်လာတဲ့နေ့ကလည်း ဒွန်းမောင်းလေဆိပ်မှာ လာကြိုတဲ့သူတွေကို ကောင်းမွန်စွာ နှုတ်ဆက်နေတယ်၊ နေမကောင်းတဲ့ အရိပ်အယောင် မရှိပါဘဲနဲ့ ထောင်ထဲဝင်လိုက်တာနဲ့ ရောဂါတွေတသီကြီး ရှာတွေ့တာကြောင့် ထိုင်းဆရာဝန်တွေဟာ နိုင်ငံခြားဆရာဝန် တွေထက် တော်တယ်လို့ လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဗဟိုတရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်ထားတဲ့ ဝန်ကြီးချုပ်ဟောင်းကို ထိုင်းဘုရင်ကြီးက ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက် ရက်စွဲနဲ့ လက်မှတ်ထိုးပြီး ထောင်ဒဏ် ၁ နှစ်သာ ကျခံဖို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ကိုးကား - thaipbs

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013