DVB Logo
Home
Lead Story
အကာအကွယ်ပေးရမည့် တာဝန်
DVB
·
October 26, 2023
အကာအကွယ်ပေးရမည့် တာဝန်
Donate to DVB

Responsibility to protect အကာအကွယ်ပေးရမည့် တာဝန်။ R2P ဟုလည်း အတိုကောက် ခေါ်ကြသည်။ မည်သူ့ကို အကာအကွယ်ပေးရမည်လဲ။ ပြည်သူကို အကာအကွယ်ပေးရမည်။ မည်သူက အကာအကွယ်ပေးမည်လဲ။ အစိုးရက ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဖြစ်သည်။

R2P အယူအဆမှာ ၁၉၉၀ ကာလ ရဝမ်ဒါနှင့် ယူဂိုဆလားဗီးယား အဖြစ်အပျက်ဆိုးများ ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဂျီနိုဆိုက်၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှု၊ လူမျိုးရေးသန့်စင်မှုများ အန္တရာယ်မှ ပြည်သူလူထုကို အကာအကွယ်ပေးရမည့် တာဝန်တရပ် ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ထိုအယူအဆအရ အစိုးရတရပ်သည် ၎င်းတိုင်းပြည်ရှိ ပြည်သူများကို အကာအကွယ်ပေးရန် ပျက်ကွက်လျှင် (သို့မဟုတ်) ကာကွယ်နိုင်စွမ်းမရှိတော့လျှင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အချိန်မီ စုပေါင်းကာကွယ်ကြရမည် ဖြစ်သည်။ ကာကွယ်ပေးရန် တာဝန်လည်း ရှိသည်။

သဘာဝဥပဒေ၊ ကျင့်ဝတ်တစ်ခု

တကယ်တော့ ဒုက္ခရောက်နေသော ပြည်သူလုထုကို အကာအကွယ်ပေးရမည့်တာဝန် အယူအဆမှာ အင်မတန်ကောင်းမွန်ပါသည်။ ထည်ဝါပါသည်။ အကြောင်းမူ ကမ္ဘာ့သမိုင်းတလျှောက် ကြည့်လိုက်လျှင် လူတွေမှာ အထူးသဖြင့် ဘာလက်နက်မှမရှိသော သာမန်အရပ်သားပြည်သူတွေမှာ လက်နက်ကိုင်တွေ၊ အာဏာပိုင်တွေ၏ ထင်ရာစိုင်း သတ်ဖြတ်ညှဉ်းပန်းမှုကို ခံခဲ့ကြရသည်။ အသတ်ခံရသည့် အကြောင်းအရင်းများကလည်း ထူးထူးထွေထွေ မဟုတ်။ ဂျူးလူမျိုး ဖြစ်လို့၊ ခရစ်ယာန်ဘာသာဝင်ဖြစ်လို့၊ အယူအဆမတူလို့၊ ဓနရှင်ပေါက်စမို့၊ တွေဝေယိမ်းယိုင်တဲ့ ပညာတတ်လူတန်းစားဖြစ်လို့၊ ကွန်မြူနစ် ထောက်ခံသူဖြစ်လို့ စသဖြင့်။ ဤကဲ့သို့ လက်နက်မဲ့ ပြည်သူတွေခမျာ လက်နက်ကိုင်၊ အာဏာရှိသူများ၏ အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ကြရသည်။ ကူကယ်ရာမဲ့ခဲ့ကြသည်။

သို့သော် သမိုင်းတလျှောက် ဖြစ်ရပ်ဆိုးများပေါ်အခြေခံကာ ခေတ်မီတိုးတက်ဖွံ့ဖြိုးသော အတွေးအခေါ်များ ဖွံ့ဖြိုးအားကောင်းလာသည်နှင့်အမျှ မတရားသဖြင့် ညှဉ်းပန်းခံနေရသော ဒုက္ခသည် ပြည်သူများကို အကာအကွယ်ပေးရမည်ဟု ရှုမြင်လာကြသည်။ ပြောဆိုလာကြသည်။ ဤသို့ဖြင့် အကာအကွယ်မဲ့ပြည်သူများကို အကာအကွယ်ပေးခဲ့ကြသည်။ အကာအကွယ်‌ပေးဖို့ ကြိုးစားခဲ့ကြသည်။

ဒါ့အပြင် ကူကယ်ရာမဲ့သူကို အတင်းအဓမ္မ ညှဉ်းပန်းခြင်းဒဏ်မှ ကာကွယ်ရမည်ဆိုသည်မှာ သဘာဝဥပဒေတရပ်၊ လူ့ကျင့်ဝတ်တရပ် ဖြစ်သည်။ ဒါ့အပြင် လူသားတိုင်း၏ တာဝန်တရပ်လည်း ဖြစ်သည်။ ဒီထက်ပိုရလျှင် နိုင်ငံတိုင်း၏ နိုင်ငံ့တာဝန်တစ်ခု ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာပြည်တွင် လူထောင်ပေါင်းများစွာ အသတ်ခံရ။ နေအိမ်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံနေရသလို စစ်ပြေးဒုက္ခသည် သန်းပေါင်းများစွာလည်း ရှိနေသည်။ ပြောလျှင် ဆုံးမှာ မဟုတ်တော့။ လူတိုင်းသိပြီးသားမို့ ဤနေရာတွင် အကျယ်မပြောလိုတော့ပါ။ အသေချာဆုံး တစ်ခုကတော့ မြန်မာပြည်သူတွေသည် မြန်မာစစ်တပ်၏ မတရားသဖြင့် အနိုင်ကျင့်မှုကို ခံနေကြရသည်။ အကာအကွယ်မဲ့သူများ ဖြစ်နေကြရပြီ။ အကာအကွယ်ပေးဖို့ လိုအပ်နေသည်။ သို့အတွက် အကာအကွယ်ပေးမှုကို မျှော်လင့်ခဲ့ကြတာ ဖြစ်သည်။ မျှော်လင့်သလို ဖြစ်လာပါ၏လော။

နှစ်နှစ်ကျော်ကြာ သင်ခန်းစာ

ကူကယ်ရာမဲ့ မြန်မာပြည်သူတွေသည် နိုင်ငံတကာက ပြောပြောနေသော R2P ဆိုတာကို ၂၀၂၁ ကတည်းက မျှော်လင့်ခဲ့ကြသည်။ လက်ရှိ NUG ၏ ထိပ်တန်းခေါင်းဆောင်အပါအဝင် တချို့သော လူမှုကွန်ရက် ဩဇာတိက္ကမကြီးသူများက အခုပဲ R2P ဝင်တော့မလိုလို၊ တော်နေကြာ ရောက်လာတော့မလိုလို အသံလွှင့်ခဲ့ကြသေးသည်။ ပြည်သူတွေကလည်း အားကိုးတကြီး မျှော်လင့်ခဲ့ကြသည်။ ဆန္ဒပြရာမှာပင် We need R2P ဆိုပြီး ကိုင်ဆောင် ဆန္ဒပြခဲ့ကြသေးသည်။ ကူရာကယ်ရာမဲ့နေသည့်အချိန်တွင် R2P ဆိုတာကို ဖြစ်နိုင်၊ မဖြစ်နိုင် အပထား။ ကောက်ရိုးမျှင်တစ်ခုသဖွယ် မျှော်လင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။

ယခုလို နှစ်နှစ်ကျော် သုံးနှစ်အတွင်း ရောက်လာသည့်အခါမှာတော့ မြန်မာပြည်သူတွေသည် နိုင်ငံတကာဆိုတာကိုလည်း နားလည်လာသည်။ ကုလသမဂ္ဂ ဆိုတာကိုလည်း သဘောပေါက်လာသည်။ R2P ဆိုတာကိုလည်း သိရှိသွားသည်။ မြန်မာစစ်တပ်က သတ်ဖြတ်ညှဉ်းပန်းမှုများ လုပ်နေသော်လည်း R2P က ရောက်မလာ။

တစ်ဦးချင်း သတ်ခံရလည်း R2P မလာ။ အစုအပြုံလိုက် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ခံရလည်း R2P က မလာ။ မီးရှို့ခံရ၊ ဗုံးကြဲတိုက်ခိုက်ခံရလည်း R2P က ရောက်လာတာ မရှိ။ ဆင်းရဲသော၊ အကျိုးစီးပွား မြိုးမြိုးမြက်မြက်မရှိသော မြန်မာပြည်ကို နိုင်ငံတကာ၏ R2P ရောက်မလာနိုင်တော့ဘူးဆိုတာ လက်ရှိအချိန်မှာ မြန်မာပြည်သူတို့ ကောင်းစွာသဘောပေါက်နေကြပါပြီ။ R2P ဆိုသည်မှာ အာတူးပြီး ပြောတဲ့စကားပဲ ဖြစ်ရပေတော့မည်ဟု ဘဝနှင့်ရင်း၍ သိလာခဲ့ကြသည်။

ပြည်တွင်းဖြစ် R2P

ယင်းသို့ နိုင်ငံတကာ၏ R2P မလာနိုင်သော်လည်း တကယ်တော့ ပြည်တွင်းတွင် R2P ရှိပြီးသား ဖြစ်သည်။ ဟုတ်သည်။ မြန်မာပြည်တွင်းတွင် မြန်မာပြည်သူ‌တွေကို စုပေါင်းကာကွယ်နိုင်သည့် R2P အစီအစဉ်တစ်ခုရှိပါသည်။ ယင်းမှာ မြန်မာပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပဲ ဖြစ်သည်။

မြန်မာပြည်သည် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် တိုင်းပြည်တစ်ခု ဖြစ်သည်။ ရာစုနှစ် တစ်ခုနီးပါးပင် ရောက်ရှိပေတော့မည်။ နိုင်ငံရေးဆိုင်ရာ မမျှတမှုအချို့အပေါ် အခြေခံကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာသည်။ ၎င်းတို့လူမျိုး လွတ်မြောက်ဖို့၊ ၎င်းတို့ပြည်နယ် လွတ်မြောက်ဖို့၊ ကိုယ့်လူမျိုးကံကြမ္မာကို ဖန်တီးနိုင်ဖို့ စသဖြင့် ရည်မှန်းချက်အသီးသီးနှင့် လက်နက်ကိုင်ခဲ့ကြသည်။ ဆိုရလျှင် ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်ကို အကာအကွယ်ပေးဖို့ လက်နက်ကိုင်ခဲ့ကြသည်။ တိုင်းရင်းသားများကို မြန်မာစစ်အာဏာရှင်တွေ၏ ရန်မှ အကာအကွယ်ပေးမည့်တပ်ဖွဲ့များ ဖြစ်ကြသည်။

လက်ရှိအချိန်တွင် မြန်မာစစ်တပ်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မြန်မာပြည် အနှံ့အပြားရှိ တိုင်းရင်းသားပြည်သူတရပ်လုံးကို လက်နက်အားကိုးနှင့် အမျိုးမျိုး အနိုင်ကျင့်နေကြသည်။ ကရင်ပြည်နယ်တွင်လည်း မြန်မာစစ်တပ်များက ပြည်သူလူထုကို ဖမ်းဆီး၊ ခြိမ်းခြောက်သည်။ ဗုံးကြဲသည်။ ကရင်လူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများ အားလုံး စစ်ပြေးနေကြရသည်။ ရခိုင်မှာလည်း မြန်မာစစ်တပ်က ပြည်သူတွေ၊ ရခိုင်လူမျိုးတွေကို မထင်ရင် မထင်သလို ဖမ်းနေသည်။ AAနဲ့ ပတ်သက်လို့ဆိုကာ ရခိုင်ပြည်သူအချို့ ဖမ်းခံရသည်။ မြန်မာစစ်တပ်က ဖြတ်လေးဖြတ်လုပ်တော့ ရခိုင်လူမျိုးအပါအဝင် ရခိုင်ပြည်ရှိ ပြည်သူတွေ ဒုက္ခရောက်ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်၏ အဓိကအချက်အချာမြို့ကြီးများတွင်ပင် မြန်မာစစ်တပ်က အုပ်ချုပ်ရေးယန္တရားများကို တည်ဆောက်ထားသည်။ ထိုနည်းတူ ရှမ်းပြည်နယ်တွင်လည်း အလားတူပင် ဖြစ်သည်။

ဆိုရလျှင် တပြည်နယ်မှ အကြမ်းဖက်မြန်မာစစ်တပ် လက်အောက်မှ လွတ်လွတ်ကျွတ်ကျွတ် မလွတ်မြောက်သေးပါ။‌ ဒေသခံပြည်သူတွေကို ထိုအကြမ်းဖက်သမားများရန်မှ ထိရောက်စွာ အကာအကွယ်မပေးနိုင်သေးပါ။

ဆိုရလျှင် ကိုယ့်ပြည်နယ် လွတ်‌မြောက်ရေး၊ ကိုယ့်လူမျိုး လွတ်မြောက်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေး ဆိုသည့် လက်နက်ကိုင်တိုင်းရင်းသားများ၏ မျှော်မှန်းထားသော ရည်မှန်းချက်များ မပြည့်ဝသေးပါ။ ဆက်လက်ရုန်းကန်တိုက်ပွဲဝင်ကြရပေဦးမည်။ တချို့သော တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့်လည်း ကိုယ့်အကျိုးစီးပွားကွက်ကွက်လေးကိုသာ ကြည့်ပြီး တိုင်းရင်းသား ပြည်သူများကို စစ်အာဏာရှင်ရန်မှ အကာအကွယ်ပေးရမည့်တာဝန်ကို မမေ့လျော့ဖို့ လိုအပ်ပေသည်။

နွေဦးဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013