
ဟာရီကိန်းနဲ့ အပူပိုင်းမုန်တိုင်းတွေဟာ လေပြင်းနဲ့ ရေကြီးမှုတွေကို ဖြစ်ပေါ်စေဝာာကြောင့် အမေရိကန်စီးပွားရေးကို နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော် ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းတွေဟာ အတ္တလန္တိတ်ကိုဖြတ်ပြီး ကာရေဘီယံနိုင်ငံ များစွာကိုလည်း ပျက်စီးစေပါတယ်။
ကမ်းရိုးတန်းဂေဟစနစ်နဲ့ ဒီရေတောတွေ၊ စိမ့်မြေတွေနဲ့ သန္တာကျောက်တန်းတွေက ပံ့ပိုးပေးတဲ့ သဘာဝကမ်းရိုးတန်း ကာကွယ်ရေးကို လေ့လာတဲ့ လေ့လာမှုအသစ်တခုမှာ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၅၉ နိုင်ငံမှာရှိတဲ့ အပူပိုင်းဒေသကမ်းရိုးတန်းရဲ့ မိုင်ပေါင်း ၄၃၅,၀၀၀ (ကီလိုမီတာ ၇၀၀,၀၀၀) ကျော်ရှိ ရေလွှမ်းမိုးမှုအန္တရာယ်တွေကို မြေပုံရေးဆွဲထားပါတယ်။
ဒီကမ်းရိုးတန်းတလျှောက်က ရေလွှမ်းမိုးမှုအန္တရာယ်ဟာ ပိုင်ဆိုင်မှုကို တိုက်ရိုက်သက်ရောက်မှုရှိပြီး နှစ်စဉ် ဒေါ်လာ ၇၃၀ ဘီလီယံကျော်ရှိတယ်လို့ တွက်ချက်ထားပါတယ်။ အစိုးရအေဂျင်စီတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ တခြား စီးပွားရေးလုပ်ဆောင်မှုတွေအတွက် သွယ်ဝိုက်အကျိုးသက်ရောက်မှုတွေဟာ တိုက်ရိုက်ရေလွှမ်းမိုးမှု ကုန်ကျစရိတ်ရဲ့ ၂ ဆကနေ ၃ ဆ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။
နိုင်ငံပေါင်း ၅၉ နိုင်ငံက ကမ္ဘာတဝန်း အပူပိုင်းကမ်းရိုးတန်းဒေသတလျှောက် ပေါက်နေတဲ့ ဒီရေတောများ (ဆားဒဏ်ခံနိုင်ရည်ရှိတဲ့ သစ်ပင်တွေ) ဟာ လူပေါင်း ၁၅ သန်းကျော်အတွက် အန္တရာယ်ကို လျော့နည်းစေပြီး နှစ်စဉ် ဒေါ်လာ ၆၅ ဘီလီယံထက်မနည်း ပိုင်ဆိုင်မှု ဆုံးရှုံးမှုကို ကာကွယ်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒီရေတောတွေဟာ လှိုင်းလုံးတွေကို ပိတ်ဆို့ပြီး မုန်တိုင်းအတွင်း ရေလှိုင်းများ၊ မုန်တိုင်းများအတွင်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းနဲ့ ကမ်းနားရှိ လူတွေနဲ့ အဆောက်အဦတွေကို ကာကွယ်ပေးပါတယ်။
စုတ်ပြတ်သတ်နေတဲ့ ကမ်းရိုးတန်းများ
အပူပိုင်းမုန်တိုင်းတွေဟာ ကမ်းရိုးတန်းတလျှောက်မှာ အသိအမှတ်ပြုထားရတဲ့ အန္တရာယ်တခု ဖြစ်ပါတယ်။ အပူပိုင်းမုန်တိုင်း လှုပ်ရှားမှုအတွက် ပုံမှန်ထက်ကျော်တဲ့နှစ်အဖြစ် ၂၀၁၉ ခုနှစ်မှာ မုန်တိုင်း ၉၀ ဟာ အပူပိုင်းဆိုင်ကလုန်းကြီးတွေနဲ့ ရက်ပေါင်း ၆၂ ရက်လောက် ကမ္ဘာတဝန်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။
ဥပမာတခုအနေနဲ့ ဟာရီကိန်း ဒိုရီယန်ဟာ ဘဟားမားစ်မြောက်ပိုင်းကို တနာရီကို ၁၈၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ဒိုရီယန်ရဲ့လမ်းကြောင်းဟာ နိုင်ငံ ၁၇ နိုင်ငံနဲ့ အမေရိကန် ပြည်နယ် ၁၅ ခုကျော်အထိ အကျိုးသက်ရောက်ခဲ့ပါတယ်။
ကမ်းရိုးတန်းတွေကို ကာကွယ်ခြင်း
ပညာရှင်တွေက ကမ္ဘာတဝန်း ရေလွှမ်းမိုးမှုအန္တရာယ်တွေကို တွက်ချက်ဖို့နဲ့ ဖြစ်ပွားမှုကို လျှော့ချဖို့အတွက် ဖြေရှင်းနည်းတွေကို ရှာဖွေဖော်ထုတ်ဖို့ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။
ကမ်းရိုးတန်းဇုန်ရဲ့အစွန်း ဆားငန်ရေမှာ မြန်မြန်ပေါက်နိုင်တဲ့ သစ်ပင်ကြီးတွေဖြစ်လို့ ဒီရေတောတွေကို အာရုံစိုက်ထားပါတယ်။ ဒီရေတောတွေဟာ အနည်အနှစ်များကို စုပ်ယူနိုင်ပြီး မြေတည်ဆောက်တဲ့နေရာမှာလည်း ကောင်းမွန်ပါတယ်။ ပျမ်းမျှအားဖြင့် ဒီရေတောပတ်လည်က မြေတွေဟာ တနှစ်ကို ၁ မီလီမီတာက ၁၀ မီလီမီတာအထိ ဒေါင်လိုက် ကြီးထွားနိုင်ပါတယ်။
ကမ္ဘာတဝန်းက ကီလိုမီတာ ၂၀ ရှိတဲ့ ကမ်းရိုးတန်းယူနစ်တွေမှာ ဒီရေတောကပေးတဲ့ အကျိုးကျေးဇူးတွေကို အကျဉ်းချုပ်ဖော်ပြတဲ့ လမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသတွေက ဒီရေတောတွေဟာ နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ သို့မဟုတ် အဲ့ထက်ပိုတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ရှောင်ရှားနိုင်တယ်လို့ ပြသထားပါတယ်။ ဒါကြောင့် ဒီရေတောတွေရဲ့ ထိန်းသိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးဟာ လူ၊ ပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်ဘတ်ဂျက်တွေအတွက် ကုန်ကျစရိတ်သက်သာတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမယ့် ဦးစားပေးဇုန်တွေ ဖြစ်သင့်တယ်ဆိုတာ ထင်ရှားပါတယ်။
ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အမေရိကန်၊ တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ ဒီရေတောတွေရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်နိုင်ခြင်းကြောင့် အကြီးမားဆုံး စီးပွားရေးအကျိုးအမြတ်တွေကို ရရှိနေကြပါတယ်။ ဗီယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကတော့ လူတွေကို ကာကွယ်ပေးတဲ့ အကြီးမားဆုံးသော လူမှုရေးအကျိုးခံစားခွင့်တွေကို ခံစားနေရပါတယ်။
ကီလိုမီတာ ၂၀ ရှည်လျားတဲ့ ကမ်းရိုးတန်းတလျှောက်က ဒီရေတောတွေဟာ ရေဘေးလျော့ပါးရေး အကျိုးကျေးဇူးအတွက် နှစ်စဉ် ဒေါ်လာ ၅၀၀,၀၀၀,၀၀၀ အထိ ပံ့ပိုးပေးပါတယ်။
ဒီရေတောတွေဟာ စိမ်းလန်းတဲ့ အခြေခံအဆောက်အဦများဖြစ်
ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငါးပုစွန်တွေကြောင့် ဒီရေတောတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးနေပါတယ်။ ၁၉၈၀ ကနေ ၂၀၀၀ ခုနှစ် အစောပိုင်းအထိ ကမ္ဘာကြီးဟာ လက်ရှိ ဒီရေတောတွေရဲ့ ၂၀ ရာခိုင်နှုန်းထိ ဆုံးရှုံးခဲ့ပါတယ်။ မြို့ပြချဲ့ထွင်မှု၊ လေထုညစ်ညမ်းမှုနဲ့ စိုက်ပျိုးရေးကြောင့် ဆုံးရှုံးမှုနှုန်းဟာ နှေးကွေးပေမဲ့ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
ကမ်းရိုးတန်းကာကွယ်ရေးအတွက် ဒီရေတောတွေဟာ ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတဲ့ တွေ့ရှိချက်တွေအရ ဒီရေတောတွေကို နိုင်ငံတော်အခြေခံအဆောက်အအုံအဖြစ် ရှုမြင်ပြီး အခြား ကမ်းခြေကာကွယ်ရေး အဆောက်အအုံတွေဟာ အန္တရာယ်လျော့ပါးရေးနဲ့ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ဘတ်ဂျက်ထဲက ရန်ပုံငွေအတွက် အရည်အချင်း ပြည့်မီပါတယ်။ ဒီရေတောများ ပြန်လည်ထူထောင်ရေးအတွက် ပေးဆောင်ခြင်းဟာ ပင်လယ်တံတိုင်းေတွလို အင်ဂျင်နီယာဆိုင်ရာ အကာအကွယ် အဆောက်အဦများ ရန်ပုံငွေအတွက် လက်ရှိအသုံးပြုနေတဲ့ တူညီတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။
ထိပ်တန်း အာမခံ စွန့်ဦးတီထွင်ကုမ္ပဏီတခုဖြစ်တဲ့ Risk Management Solutions နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ လေ့လာမှုအသစ် အများအပြားမှာ ကမ်းရိုးတန်းက စိမ့်မြေတွေနဲ့ ဒီရေတောတွေဟာ မုန်တိုင်းလျှော့ချခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို သိသာထင်ရှားစွာ ပေးစွမ်းနိုင်ကြောင်း တွေ့ရှိထားပါတယ်။ ဒီတွေ့ရှိချက်တွေဟာ သဘာဝစနစ်တွေအတွက် ဆန်းသစ်တဲ့ အာမခံရွေးချယ်ခွင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။
မက္ကဆီကိုနဲ့ ကာရေဘီယံတလျှောက်က သန္တာကျောက်တန်းများနဲ့အတူ တည်ရှိတဲ့ ဒီရေတောများကို ထိန်းသိမ်းခြင်းဟာ ရေလွှမ်းမိုးခြင်းက ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးများ တိုးပွားစေပါတယ်။
နေရာအများအပြားမှာ ဒီရေတောတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းဟာ ကမ်းရိုးတန်းတွေကို အပူပိုင်းမုန်တိုင်းဒဏ်က ကာကွယ်ဖို့အတွက် အလွန်ထိရောက်တဲ့ စီးပွားရေးဗျူဟာတခု ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရတွေနဲ့ အာမခံကုမ္ပဏီတွေဟာ ကမ္ဘာတဝန်းမှာ အဆမတန် တိုးပွားလာနေတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကုန်ကျစရိတ်တွေနဲ့ ရုန်းကန်နေရတာကြောင့် ဒီလေ့လာမှုဟာ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင်၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနဲ့ အာမခံရန်ပုံငွေတွေကို အသုံးပြုပြီး ဒီရေတောထိန်းသိမ်းခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ရေးသူ- မိုက်ကယ်ဘက်ခ်/ ပယ်လာရိုမန်နီဒက်ဇ်
(The conversation ဝက်ဘ်ဆိုက်မှာ ကာလီဖိုးနီးယားတက္ကသိုလ်က ပညာရှင်တွေဖြစ်တဲ့ Michael Beck နဲ့ Pelayo Menéndez တို့ ရေးသားထားတဲ့ ‘Protecting mangroves can prevent billions of dollars in global flooding damage every year’ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)
Ref: The Conversation