DVB Logo
Home
မြန်မာသတင်း
အလုပ်သမား ရှားပါးသဖြင့် မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းများ အခက်ကြုံ
DVB
·
October 26, 2023
အလုပ်သမား ရှားပါးသဖြင့် မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းများ အခက်ကြုံ
1 / 3
Donate to DVB

မွန်ပြည်နယ်အတွင်း ရော်ဘာရာသီအစမှာ အလုပ်သမားရှားပါးတဲ့ ပြဿနာတွေကြောင့် ရော်ဘာလုပ်ငန်းတွေမှာ အခက်အခဲကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေထံက သိရပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံရေးပြဿနာတွေနဲ့ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ကျွမ်းကျင်လုပ်သားတွေဟာ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်နေကြသလို လုပ်သားသစ်လည်း ခေါ်ယူလို့ မရတာကြောင့် ရော်ဘာလုပ်ငန်းတွေ ထိခိုက်နေပါတယ်။

ရော်ဘာခြံရှင်တဦးက “ရော်ဘာရာသီကစနေပြီ၊ အခုထိ အလုပ်သမား မရသေးတဲ့ခြံတွေ အများကြီး ရှိတယ်။ ပိုက်‌ဆံ‌နှိမ်ပေးတာလည်း မဟုတ်ဘူး။ အရင်နှစ်ကထက် ပိုပေးပါတယ်။ ခြံထဲက သီးပင်စားပင်တွေလည်း ပေးစားတယ်။ မွေးမြူရေးလုပ်ခွင့်လည်း ပေးတယ်။ ဒါပေမဲ့ အလုပ်သမားရှာရ ခက်နေရော။ ကိုယ့်ဒေသသူ တော်တော်များများ ထိုင်းတို့ မလေးတို့ကို ထွက်သွားကြတာ။ တခြားစီက ခေါ်ဖို့ ကြိုးစားတာပဲ၊ လုံခြုံရေးအခြေအနေတွေကြောင့် ခေါ်ဖို့ခက်တယ်” လို့ ပြောပါတယ်။

ရော်ဘာလုပ်ငန်းမှာ လုပ်သားရှားပါးတာကြောင့် အလုပ်မတွင်ကျယ်တော့ဘဲ ခြံပိတ်ထားရတာတွေ ရှိတာကြောင့် အခုနှစ်မှာ ရော်ဘာထုတ်ကုန် သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်နဲ့ ကင်းပုန်းတွေကြောင့် မနက် ၅ နာရီနောက်ပိုင်းမှသာ ရော်ဘာခြစ်ရတာကြောင့် အထွက်နှုန်းကျဆင်းနေတယ်လို့ ကျိုက်ထိုမြို့ရှိ ရော်ဘာလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“သူတို့က ညဘက်တွေ ရော်ဘာခြံတွေထဲမှာ ကင်းလှည့်နေသလို ကင်းပုန်းတွေလည်း ချထားတယ်။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့။ စစ်‌တပ်နဲ့နီးတဲ့နေရာတို့ ကားလမ်းမဘေးရှိတဲ့ ခြံထဲမှာ‌‌ဆို ကင်းတွေရှိတယ်။ ကျိုက်ထို တမြို့တည်းမဟုတ်ဘူး၊ မွန်ပြည်နယ်ရဲ့ မြို့တိုင်းလိုလိုမှာ ဖြစ်နေတာ။ အစေးက ညည့်နက်တဲ့အချိန် တနည်း အေးတဲ့အချိန်မှ ပိုထွက်တာလေ။ မနက်မှခြစ်တော့ အစေးသိပ်မရဘူး။ သူတို့ ခြံတွေထဲမှာရှိတော့ ညဘက်ခြစ်ဖို့ ဘယ်သူမှ မရဲကြဘူး။”

ရော်ဘာအထွက်နှုန်းနည်းတာ၊ သွင်းအားစုစရိတ် မြင့်မားတာ၊ ဈေးကောင်းမရတာနဲ့ လုပ်သား ရှားပါးလာတာကြောင့် ရော်ဘာအပင် ခုတ်လှဲရောင်းချမှုတွေ ရှိလာနေပါတယ်။

ရော်ဘာခြံလုပ်ငန်းတွေကို မွန်ပြည်နယ်မှာ အောက်တိုဘာအစမှ မေလအထိ လုပ်ကိုင်ကြပါတယ်။

မွန်ပြည်နယ်မှာ ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး တနိုင်ငံလုံး ရော်ဘာစိုက်ဧကရဲ့ ၃ ပုံ ၁ ပုံခန့် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013