DVB Logo
Home
မြန်မာသတင်း
ဟမွန်း (HAMOON) မုန်တိုင်းအရှိန်ကြောင့် မြန်မာပြည် နေရာအနှံ့ မိုးကြီးရေလျှံ
DVB
·
October 25, 2023
ဟမွန်း (HAMOON) မုန်တိုင်းအရှိန်ကြောင့် မြန်မာပြည် နေရာအနှံ့ မိုးကြီးရေလျှံ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို အောက်တိုဘာ ၂၅ ရက် မနက်အစောပိုင်းက ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း (HAMOON) အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန် အပါအဝင် နေရာတချို့မှာ ရေကြီးရေလျှံနေပါတယ်။

မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကနေ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီလို့ မိုးဇလဌာနက အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

နောက် ၂ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ မိုးများနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်လို့ ကုန်းမြင့်ဒေသ နေထိုင်သူတွေ မြေပြိုမှုအန္တရာယ် သတိပြုကြဖို့၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ချောင်းအင်းအိုင်အနီး နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ မိုးဇလက အသိပေး ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာတော့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ မိုးလေဝသ သတင်းတွေကိုသာ အချက်အလက်အနေနဲ့ အသိပေးထားပြီး မြေပြင်မှာတော့ အခက်အခဲတွေအရ ကြိုတင် ပြင်ဆင်မှုအပိုင်း အားနည်းနေသေးတယ်လို့ စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

S&C မီးဘေး စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုစိုးမိုးအောင်က “ကာကွယ်မှုအနေနဲ့ ကျနော်တို့ ကြိုတင်အသိပေးရုံလောက်ပဲ လုပ်ထားရသေးတယ်။ ကျန်တဲ့ဟာတွေက ဘာမှ ပြင်ဆင်မှု မရှိသေးဘူး။ ရာသီဥတုသတင်းကတော့ အကုန်လုံးကို ဖြန့်ဝေထားပါတယ်။ အခုအခြေအနေက မိုးကတော့ နည်းနည်းကျတယ်။ ရေမြုပ်တာတွေ ဘာတွေတော့ မရှိသေးဘူး။ ဒီရက်ပိုင်းအတွင်းမှာတော့ စောင့်ကြည့်ရမှာပေါ့။ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုကတော့ လယ်တွေရေမြှုပ်မှာ။ ပြင်ဆင်မှုကတော့ အရေးပေါ် ကြုံလာရင်တော့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အသင့်လုပ်ထားတယ်။ မြေပြင်မှာတော့ အသင့်လုပ်ထားဖို့က အဆင်မပြေဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိနေပြီး လှိုင်းအမြင့်က ၆ ပေကနေ ၈ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၄ ပေကနေ ၆ ပေခန့် ရှိတယ်လို့ မိုးဇလဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဟာမွန်းမုန်တိုင်း အဖျားခတ်သွားတဲ့ ချင်းပြည်နယ်ဘက်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နေရောင်မမြင်ရတာ ၃ ရက်လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် ဒေသခံက “ဒီနှစ်က မိုးတော်တော်များတယ်ဆိုတော့ ချောင်းရေကြီးတယ်။ ရေလျှံတယ်။ တချို့ လမ်းတံတားတွေ ပြိုတယ်။ ရာသီဥတုကတော့ အခုလောလောဆယ် ပြောနေချိန်မှာပဲ မှိုင်းနေတယ်။ မိုးတော်တော်သည်းတယ်။ ဇူလိုင်၊ သြဂုတ် မိုးရာသီတုန်းကလိုပဲ မိုးကတော်တော်ကြီးတယ်။ တရက်နဲ့ တညလုံး သည်းသည်းမည်းမည်း ရွာတယ်။ သစ်ကိုင်းတွေ ကျိုးကျတာမျိုးတော့ မရှိဘူး။ မိုးတော့ တော်တော်များတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်း အရှိန်ကြောင့် ချင်းပြည်နယ်မှာ လမ်းတံတားတချို့ ပျက်စီးတာ၊ တောင်ပြိုတာတွေ ရှိခဲ့ပြီး ဟာမွန်းမုန်တိုင်း အဖျားခတ်မှုကြောင့် လက်ရှိအချိန်ထိ ကြီးကြီးမားမား ထိခိုက်တာ မကြုံရသေးဘူးလို့ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013