မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မြေပြိုကျပြီး လမ်းပျက်စီးသွားတဲ့အတွက် သွားရေးလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၃ ရက်ကစတင်ပြီး ဆော-ဆိပ်ဖြူလမ်းပိုင်း နဂါးပွတ်နဲ့ ၄၄ မိုင်အကြား မြေပြိုကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တာပါ။
ပျက်စီးနေတဲ့လမ်းပိုင်းကို လောင်းရှည်ဒေသလုံးဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံတွေက ဝိုင်းဝန်းပြုပြင်ပြီး ခရီးသွားတွေ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“အရင်မိုးရွာတဲ့အရှိန်နဲ့ တောင်အောက်ခြေက အိကျလာပြီး လမ်းပိတ်သွားတယ်ပေါ့။ လူအားနဲ့ ပိတ်သွားတဲ့ နေရာတွေကို ဖယ်ထုတ်ပေးတယ်။ တောင်ကပြန်အိကျလာ အဲ့လိုမျိုး ဖြစ်နေတာ။ လမ်းပြန်မပိတ်ဖို့ဆို တောင်ကို ဝိတ်လျှော့လိုက်မှပဲရမယ်။ နောက်ဆို တောင်တစ်ခုလုံးက လမ်းပေါ်ကျလာမှာ။”
ဆော-ဆိပ်ဖြူလမ်းပိုင်းဟာ တောင်ပေါ်ချင်းပြည်နယ်နဲ့ မကွေးတိုင်းရဲ့ကုန်စည်စီးဆင်းရေးကိုအဓိက အသုံးပြုနေရတယ့်အတွက် အရေးပါတဲ့လမ်း ဖြစ်ပါတယ်။
လမ်းပျက်စီးနေလို့ ကုန်တင်ကားတွေ သွားလို့မရသေးဘဲ ဆိုင်ကယ်နဲ့ ကားလေးတွေ သွားလို့ရအောင်သာ စီစဉ်ပေးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဆိုင်ကယ်တော့ သွားလို့ရတယ်။ ကားလေးတွေ သွားရအောင်တော့ ဆွဲပေးရတယ်။ မြေတူးပေးရတယ်၊ ရေရှည်လမ်းကောင်းဖို့အတွက်က စက်အား လူအားသုံးပြီး အပေါ်ကတောင် ထပ်မပြိုကျလာဖို့ ဝိတ်လျှော့ရမှာပါ” လို့ ပြောပါတယ်။
ကျောက်ထု-ပေါက်-ပခုက္ကူလမ်းပိုင်းကိုလည်း စစ်ရေးအခြေအနေကြောင့် ပိတ်ထားရလို့ မကွေးတိုင်းက ဒေသခံတွေ အသုံးပြုဖို့အတွက် ဆော-ဆိပ်ဖြူလမ်းတလမ်းပဲ ရှိတာဖြစ်ပါတယ်။