
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီး ၁ ယောက်အပါအ၀င် ၁၀ ယောက်ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကနေ သိရပါတယ်။
ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ပြန်ကြားရေးတာဝန်ခံက “၂၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်ကြီးဦးဆောင်ပြီး ကပစ ၂၁ နဲ့ ပူးပေါင်းအင်အား ၁၅ ယောက်က ဆိပ်ဖြူမြို့ပေါ်ကနေ Faw ကားအနီ ၁ စီးနဲ့ အိမ်စီးကားအနက် ၁ စီးတို့နဲ့ ထွက်လာကြတဲ့ ယာဥ်တန်းကို မြို့အထွက်နားမှာပဲ အဲ့ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်ကြီး တယောက်အပါအဝင် ၁၀ ယောက်ထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့တာ၀န်ရှိသူ ကိုသူရိန်က “အိမ်စီးကားနဲ့ လိုက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်ကြီး ဖြိုးသူအောင် အပါအဝင် ၁၀ ယောက်လောက် ရှင်းလင်းနိုင်ခဲ့တယ်။ ကျန်တဲ့ကောင်တွေ ထွက်ပြေးသွားပြီး ကား ၂ စီးလုံးက တော့ ပျက်စီးသွားတယ်”လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ MA1 သေနတ် ၅ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ MA5 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁၈ ခု၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၄၀၊ လက်ပစ်ဗုံး ၂ လုံး နဲ့ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့ပါတယ်။
ဇွန် ၁၆ ရက် ညနေပိုင်းမှာဘဲ စစ်တပ်ဘက်က အင်အား ၃၀၀ လောက်ဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို လာရောက်ပြီး အလောင်းတွေနဲ့ ပျက်စီးနေတဲ့မော်တော်ယာဥ်တွေကို ပြန်သယ်ဆောင် သွားပါတယ်။
အနီးအနားကျေးရွာတွေကိုလည်း ဝင်ရောက်စစ်ဆေးနေသလို ဆိပ်ဖြူမြို့ရဲ့အဝင်၊ အထွက်ဂိတ်တွေ ကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေကို ဇွန် ၁၇ ရက် ညနေပိုင်း အထိပြုလုပ်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။










