DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဘုတလင်၌ PDF စခန်း စီးနင်းခံရ
DVB
·
October 25, 2023
ပခုက္ကူနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဘုတလင်၌ PDF စခန်း စီးနင်းခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်က ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ဘုန်းကန်ကျေးရွာကို စစ်ကောင်စီတပ်သား အင်အား ၈၀၊ ဖောကား နှစ်စီးနဲ့ ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  မနေ့မွန်းလွဲ ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဘုန်းကန်ရွာရဲ့ အနောက်ဘက် တမိုင်လောက်အကွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် ဖြတ်သွားတဲ့ကားတစီးကိုလည်း ရှေ့ထွက်မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ကားမောင်းလို့မရတော့ဘဲ ရပ်တန့်သွားတာကြောင့် ဘုန်းကန်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဘေးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးကာ ၁၆ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ဖောကားနဲ့သယ်ပြီး ပခုက္ကူမြို့ဘက်ကို မောင်းသွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း-၈၊ ပခုက္ကူသူရိန်အဖွဲ့၊ Black Cobra နဲ့ Black Dragon အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ် မြစ်ခြေဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းက ဒရုန်းနဲ့ အီနာဂါ ဗုံးသီး ၆ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာလည်း အောင်တိုဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမြောက်ဘက်ကို ရေချိုးထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး၊ ရော့ကက် ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ဇီးပြားရွာနဲ့ သရော်ကိုင်းရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ လောက်ဟာ ဇီးပြားရွာရဲ့ အရှေ့ဘက်ကို တိတ်တဆိတ် ထွက်သွားလို့ နောက်ချန် စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီမှာတကြိမ်၊ ည ၈ နာရီ မိနစ် ၄၀ မှာ တကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို အောက်တိုဘာ ၂၁ ရက်မှာလည်း အိုင်းမရွာအနောက်ဘက် ၂ မိုင်လောက်အကွာမှာ ဒရုန်းနဲ့ ဗုံးသီး ၄၈ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ကာ အောက်တိုဘာ ၂၂ ရက်မှာလည်း ဒရုန်းနဲ့ ဗုံးသီး ၃၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၂ ရက်က တောထဲကတဲမှာတွေ့တဲ့ ပြည်သူ ၆ ယောက်ကို လမ်းပြအဖြစ် ဖမ်းခေါ်လာပြီး အဲဒီထဲက ရေခါးရွာက ဦးကျောက်ရွှေနဲ့ မကျည်းဂုဏ်ရွာက ဦးသန်းငွေတို့ကို ရေခါးရွာနဲ့ မကျည်းဂုဏ်ရွာနားမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီး အောက်တိုဘာ ၁၈ ရက်ကလည်း ဝက်ပုတ်နဲ့ ညောင်ရင်းကျေးရွာက ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး လှုပ်ရှားတာ​ကြောင့် အောက်တိုဘာ ၂၃ ရက် မနက် ၉ နာရီလောက်ကစလို့ ညနေပိုင်းအထိ တနေကုန် ချောင်းမြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အိုင်းမရွာအရှေ့ဘက်ကို တကြောင်း၊ ကျောက်တိုင်ခင်ရွာဘက်ကို တကြောင်း စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၂၄ ရက် ညနေ ၆ နာရီ ၂၀ မိနစ်မှာ မိုင်းတွေ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တိုင်ခင်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ ဖလံကိုင်းရေနံမြေက ကား ၃ စီးနဲ့ ကျေးရွာတွေက စားနပ်ရိက္ခာတွေ၊ အဖိုးတန်ပစ္စည်းတွေကို ကားပေါ်တင်ပြီး ယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတလျှောက် လိုက်လံတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးသူ အရေအတွက်ကို အတိအကျ မသိရသေးဘဲ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ယုန်လေးကုန်းရွာအနီးက စခန်းတစ်ခုကို စစ်‌ကောင်စီတပ်က အောက်တိုဘာ ၂၅ ရက် ဒီမနက် ၆ နာရီက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လာရောက်စီးနင်းခဲ့တဲ့ စစ်တပ်ဟာ  ဘုတလင်မြို့ကနေ လာရောက်တဲ့ စစ်တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယုန်လေး‌ကုန်းရွာသားတစ်ဦးက “မနက်ခင်းအစောကြီး ထွက်လာတာနဲ့တူတယ်ဗျ။ မိုးကလည်းရွာနေတော့ လာမယ်လို့ ထင်မှတ်မထားဘူး။ သူတို့လာတော့ စခန်းအနီးရောက်မှ သိတာနဲ့တူတယ်။ ကိုယ်တွေလည်း ရွာဘက်ကို လာမယ်အထင်နဲ့ ထွက်ပြေးခဲ့ကြသေးတယ်။ ပြေးတာတော့ ကျနော်တို့ ယုန်လေးကုန်းတရွာလုံး ပြေးကြတာပေါ့လေ။ သူတို့က ရွာအထိ မလာဘဲ ထုတ်လုပ်ရေးစခန်းကို ဝင်စီးသွားတယ်။ စခန်းကိုလည်း မီးရှို့သွားတယ်။ စခန်းအတွင်းက ရဲဘော်တစ်ဦးကိုလည်း ဖမ်းပြီးသတ်သွားတယ်ဗျ။ ရဲဘော်အမည်က ကျော်ဇောပါ။ အသက်က ၂၀ နဲ့ ၃၀ ကြားဖြစ်မယ်ဗျ။ သူတို့ထွက်သွားတဲ့ လမ်းမပေါ်မှာသတ်ထားခဲ့တာဗျ။ အခု သေဆုံးအလောင်းတော့ ပြန်ကောက်ခဲ့ပြီးပြီ”လို့ ပြောပါတယ်။

ဘုတလင်မြို့နယ် ယုန်လေးကုန်းရွာမှ ထွက်လာတဲ့စစ်ကြောင်းဟာ အုတ်ကျင်းရွာဦးကတဆင့် မြောက်ဘက်သို့ဆင်းလာပြီး ကျီးပင်ချောင်ရွာနဲ့ သီးပင်အိုင်ရွာကြားက သဲကုန်းဘုရားအနီး လျှော်ဖြူခြံမှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မနက်ကလည်း ယုန်လေးကုန်းရွာအနီးက စိုင်ပြင်ရွာကို  စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဗကသဥက္ကဋ္ဌ အပါအဝင် သုံးဦးထက်မနည်း အသတ်ခံခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013