DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်၌ အရာရှိ ၁ ဦးနှင့် ဗိုလ်မှူးဟောင်း ၁ ဦး ပစ်သတ်ခံရ၊ တောင်သာတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
October 25, 2023
ငါန်းဇွန်မြို့နယ်၌ အရာရှိ ၁ ဦးနှင့် ဗိုလ်မှူးဟောင်း ၁ ဦး ပစ်သတ်ခံရ၊ တောင်သာတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာနဲ့ မန္တလေးသွားကားလမ်းမှာ အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီခွဲက လမ်းဦးစီးအရာရှိတဦးနဲ့ အငြိမ်းစားဗိုလ်မှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိက အငြိမ်းစားဗိုလ်မှူးတဦးကို ကားနဲ့လိုက်ပို့ရာ သစ်ရုံကျေးရွာနဲ့ ထိန်ပန်းကျေးရွာကြားမှာ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပစ်တာ ကားက စကာပေါက်လို ဖြစ်သွားတယ်။ နှစ်ဦးစလုံး ပွဲချင်းပြီးပဲ။ သေပြီဆိုမှ စစ်တပ်ကရောက်လာတာ။ ဒါတောင် ယူနီဖောင်းနဲ့မလာရဲဘူး။ အရပ်ဝတ်နဲ့လာတာ။ ကားနားမှာ လူမရှိတော့မှ အနားကပ်ရဲတာ။”

သေဆုံးသူနှစ်ဦးအနက် တဦးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းစန်းဦး ဖြစ်ပြီး ကျန်တဦးမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အငြိမ်းစား ဗိုလ်မှူးတဦး ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြင်းခြံကနေ ငါန်းဇွန်ကို ပြန်လာတဲ့အချိန် လမ်းမှာ အပစ်ခံရတာ။ လမ်းဦးစီးက လပခက အငြိမ်းစားဗိုလ်မှူးကို ငါန်းဇွန်ကို ခေါ်လာတာ။ နှစ်ဦးစလုံး ပွဲချင်းပြီးပဲ။”

လမ်းဦးစီးအရာရှိနဲ့ အငြိမ်းစားဗိုလ်မှူး ပစ်ခတ်မခံရမီ အောက်တိုဘာ ၂၄ ရက် မနက် ၇ နာရီခွဲမှာ စစ်‌ကောင်စီစစ်ကြောင်းက ကျွဲဇိမ်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာမှာ ဒေသခံနှစ်ဦးကို PDF လို့ စွပ်စွဲပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တပ်က ဝဋ်လည်တာ၊ မနက်က ထန်းတပင်မှာ ဒေသခံနှစ်ဦးကို PDF ဆိုပြီး ဝင်ဖမ်းတာ၊ အဖမ်းမခံဘဲ ထွက်ပြေးတော့ သေနတ်နဲ့ပစ်သတ်တယ်။ ပြီးတော့ လုပ်သေနတ်တွေ ယူလာပြီး PDF တွေပြန်ပစ်လို့ ပစ်သတ်လိုက်တယ်ဆိုပြီး စာတင်တယ်။”

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာလည်း တောင်သာ-ကျောက်ပန်းတောင်း ကားလမ်းဘေးမှာ အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီက ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာစဥ် တောင်သာ-ကျောက်ပန်းတောင်း ကားလမ်းမှာ အမည်မသိ ဆိုင်ကယ်တစီးက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ထွေအုပ်ရုံးကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်ခံရတာ၊ သေလားရှင်လားတော့ မသိဘူး၊ သေနတ်နဲ့ လေးငါးချက်လောက် ပစ်သွားတာ။ ဆိုင်ကယ်မှောက်ပြီး သွေးအိုင်ထဲလဲနေလို့ လူနာတင်ယာဥ်နဲ့ စစ်တပ် လာသယ်သွားတယ်။ အပစ်ခံရတဲ့သူက မြို့နယ်ပြည်ခိုင်ဖြိုးရုံးက EC။”

သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဦးတင်ထွန်းနိုင် ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတဦးလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ပြည်ခိုင်ဖြိုးမှာ မြို့နယ်ကော်မတီဝင်၊ ကျေးရွာမှာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်မှာ အဖွဲ့ဝင်တယောက်၊ အခြေအနေက စိုးရိမ်ရတယ် အခုဆေးရုံမှာ။”

စစ်တပ်အာဏာသိမ်းပြီးနောက် တောင်သာမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် အများစုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ မကြာခဏ လုပ်ကြံခံရပြီး ကျေးရွာ ၁၁ ရွာကို ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပေးထားတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်သင်တန်းတွေ ပေးနေတဲ့ ရွာသစ်(ဝဲလောင်)၊ ထနောင်းကုန်း၊ ရသစ်၊ ဝါးကြီးအိုင်၊ တလိုင်းရွာသစ်၊ ကျွဲတလင်း၊ ဘုရားလှ၊ ကျောက်ကာ၊ တမိုက်သာ၊ ထန်းပင်ကန်နဲ့ ထန်းကျင်းရွာတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့လတွေက သတိပေးစာ ထုတ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

တောင်သာမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ မြို့နယ်ဖြစ်ပြီး ပြည်သူ့စစ် အများဆုံးရှိတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013