DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်တင်သွင်းခွင့်ပြု
DVB
·
April 2, 2026
Photo: MOI
Photo: MOI
Donate to DVB

အိန္ဒိယအစိုးရက မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုတဲ့ သက်တမ်းကို နောက်ထပ်တနှစ် ထပ်မံတိုးမြှင့်လိုက်ပါတယ်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနရဲ့ မတ် ၃၁ ရက် ထုတ်ပြန်ချက်အရ မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံ အခွန်လွတ်တင်သွင်းခွင့်ကို ၂၀၂၇ ခုနှစ် မတ် ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ ပဲလိုအပ်ချက် မြင့်မားနေတာကြောင့် အခုလို သက်တမ်းတိုးတာဖြစ်ပြီး ၂၀၂၇ ခုနှစ် မတ်လအထိ တိုးမြှင့်လိုက်တဲ့ အိန္ဒိယရဲ့ ပဲတင်သွင်းခွင့်မူဝါဒဟာ မြန်မာနိုင်ငံက ပဲစိုက်ပျိုးသူတွေ အတွက် ဈေးကွက်သေချာမှု ရှိလာမယ်လို့ ပဲဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

လက်ရှိ ၂၀၂၁ ကနေ ၂၀၂၆ အထိ ရှိထားတဲ့ ၂ နိုင်ငံ MoU အရလည်း မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို နှစ်စဉ်ဝယ်ယူနေတာဖြစ်ပြီး လက်ရှိမှာ MoU အသစ်အတွက် ဝယ်ယူမဲ့ပမာဏကို နှစ်ဆတိုးမြှင့်ဖို့ ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့ လောင်စာဆီအခက်အခဲနဲ့ သယ်ယူစရိတ် မြင့်မားမှုတွေကြောင့် အိန္ဒိယရဲ့ ဝယ်လိုအား လျော့နည်းနေပြီး ရန်ကုန် FOB ဈေးနှုန်းတွေက တပတ်အတွင်း ၂၅ ဒေါ်လာ ကနေ ၅၀ အထိ ဈေးအနည်းငယ် ကျဆင်းနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မတ်ပဲ FAQ တတန်ကို ရန်ကုန် FOB ဈေး ၈၂၅ ဒေါ်လာကနေ အခုသီတင်းပတ်မှာ ဒေါ်လာ ၈၀၀ ကို ကျဆင်းသွားခဲ့တာပါ။ ပဲစင်းငုံ FOB တတန်ဈေးကလည်း ၈၄၀ ဒေါ်လာကနေ ၇၉၀ ဒေါ်လာကို ဈေးကျခဲ့ပါတယ်။

ပြည်တွင်းဈေးကွက်မှာတော့ ဧပြီ ၁ ရက်ကစပြီး ဈေးပြန်တက်လာတာကြောင့် ပဲကုန်သည်တွေကတော့ ပဲဈေးဟာ အခုဈေးတန်းအောက် ပြန်ကျဖို့ မရှိဘူးလို့ သုံးသပ်နေကြပါတယ်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဈေးကွက်မှာ မတ် ၃၁ ရက်က မတ်ပဲ FAQ အမျိုးအစား တတန်ကို ကျပ် ၃,၀၇၀,၀၀၀ ရှိခဲ့တဲ့ ဈေးနှုန်းက ဧပြီ ၁ ရက်မှာ ကျပ် ၃,၀၉၅,၀၀၀ အထိ မြင့်တက်လာပါတယ်။

အလားတူ ပဲစင်းငုံကလည်း မတ် ၃၁ ရက်က Red/RC အမျိုးအစား တတန်ကို ကျပ် ၃,၀၈၁,၀၀၀ ရှိခဲ့တဲ့ ဈေးနှုန်းက ဧပြီ ၁ ရက်မှာ ကျပ် ၃,၀၉၀,၀၀၀ ကို မြင့်တက်လာတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013