DVB Logo
Home
Lead Story
ရုပ်သေး မီဒီယာကောင်စီ 
DVB
·
October 25, 2023
ရုပ်သေး မီဒီယာကောင်စီ 
Donate to DVB

ရုပ်သေးအရုပ်၊ သတင်းလုပ်လည်း

ဗိုလ်ချုပ်ကြိုးဆွဲ၊ အာဏာမြဲရေး

သတင်းပေးသာ ဖြစ်မည်သာတည်း။ ။

မီဒီယာကောင်စီရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ကြေညာချက် (၅/၂၀၂၃) ဟာ "သတင်းအမှန်တွေ မလုပ်ရ။ အာဏာသိမ်း စစ်ကောင်စီကို မဝေဖန်ရ။ သတင်းမှန်တွေလုပ်လို့ အရေးယူခံရပါက မီဒီယာကောင်စီက ဘာမျှ ကူညီမပေးနိုင်ဘူး" လို့ ပြောလိုက်တာသာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် ကြိုးဆွဲရာကနေရတဲ့ ‘ရုပ်သေးမီဒီယာကောင်စီ’ လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသိပေးကြေညာချက်( ၅ /၂၀၂၃)

၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်၊ သောကြာနေ့

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်နှင့် နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်တို့အပြင် သတင်းမီဒီယာသမားများကို အရည်အသွေးမြှင့်တင်ပေးရန်နှင့် သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ရည်ရွယ်ချက်ထား ဆောင်ရွက်လျက် ရှိပါသည်။

၂။ ယင်းသို့ဆောင်ရွက်ရင်းမှပင် သတင်းမီဒီယာသမားများနှင့် ဌာနဆိုင်ရာသတင်းအရင်း အမြစ်များအကြား အငြင်းပွားဖွယ်ရာများကြောင့်ဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်စေ၊ အခက်အခဲ အကျပ်အတည်းများဖြင့် ရင်ဆိုင်ရသည်များရှိပါက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက်ပြေလည်မှုများ၊ သက်ဆိုင်ရာမှ ဖြေလျှော့ပေးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။

၃။ ယနေ့ကာလတွင် နိုင်ငံတော်၏ဒီမိုကရေစီလမ်းကြောင်း တည့်မတ်အောင်မြင်စွာ လျှောက်လှမ်းနိုင်စေရန်အတွက်လည်းကောင်း၊ စစ်မှန်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသောအနာဂတ်နှင့် ကောင်းမွန်သောပစ္စုပ္ပန်ကို အစိုးရနှင့်ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းလက်တွဲ တည်ဆောက်ကြရမည့်အချိန်အခါ ဖြစ်သည့်အားလျော်စွာ သတင်းမီဒီယာသမားများ၊ သတင်းဌာနများသည်လည်း နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်အဖြစ် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၄။ သို့ရာတွင် အချို့သောမီဒီယာသမားများနှင့် သတင်းဌာနများသည် သဘောထားရိုးဖြောင့်မှုမရှိဘဲ အထက်ပါ နိုင်ငံတော်နှင့် ပြည်သူများ၏ မျှော်မှန်းချက်ကိုသွေဖည်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့် ကြံစည် ဆောင်ရွက်မှု၊ လှုံ့ဆော်မှုအချို့ကိုလည်းကောင်း၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့ အစည်းတို့အပေါ် ပုတ်ခတ်မှုများကိုလည်းကောင်း ဆောင်ရွက်လျက် ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုသည် သတင်းမီဒီယာကဏ္ဍ၏ မှန်ကန်သော ရပ်တည်မှုကို ထိခိုက်လာနိုင်သောကြောင့် အဆိုပါလုပ်ရပ်များကို တားမြစ်ပါကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်ကိစ္စရပ်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကူညီဖြေရှင်း ပေးမည်မဟုတ် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)

သတင်းမီဒီယာကောင်စီ ကော်မတီဝင်ဟောင်းတဦးရဲ့ သဘောထား

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) Myanmar Press Council ဖြစ်ပါတယ်။ ဒါကို အတိုကောက် မီဒီယာကောင်စီလို့သာ ရေးပါမယ်။ မီဒီယာကောင်စီရဲ့ ကြေညာချက် ၅/၂၀၂၃ အပေါ် MPC မီဒီယာကောင်စီဝင်ဟောင်း တဦးကတော့ ဒီဗွီဘီသတင်းဌာနကို အခုလို မှတ်ချက်ပေး ပြောကြားပါတယ်။

“ . . . . သူတို့ထုတ်တဲ့ ကြေညာချက်ကတော့ သတင်းမီဒီယာကောင်စီက ဒီကာလတွေထဲမှာ သတင်းမီဒီယာပြဿနာတွေကို ဝင်ရောက် ဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ နိဒါန်းချီထားတယ်။ ဒါပေမဲ့ ဘာတွေရှိသလဲဆိုတာတော့ ရေးသားဖော်ပြထားတာမရှိဘူး။ နံပတ် ၄ မှာတော့ သတင်းဌာနတွေက သဘောထားရိုးဖြောင့်မှု မရှိဘဲ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက်ကို သွေဖည်စေရန် ရည်ရွယ်ချက် ရှိရှိဖြင့် ကြံစည် ဆောင်ရွက်မှု လှုံ့ဆော်မှုအချို့ကိုလည်းကောင်း၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းအပေါ် ပုတ်ခတ်မှုများကိုလည်းကောင်း ဆောင်ရွက်လျှက်ရှိသည်ကို လေ့လာ တွေ့ရှိရပါသည်ဆိုတွေ ပါတယ်ပေါ့။ ဒီဟာတွေကတော့ သတင်းမီဒီယာ ကျင့်ဝတ်အပေါ် အခြေခံပြီးတော့ ပြောတဲ့ စကားမျိုးတော့ မဟုတ်ဘူး။ ဒီဟာကတော့ နိုင်ငံရေး ပယောဂနဲ့ ပြောတဲ့ စကားသာဖြစ်တယ်။ မီဒီယာကောင်စီအနေနဲ့တော့ မီဒီယာကောင်စီအလုပ်ကို မလုပ်နိုင်တာကတော့ ပြီးခဲ့ ၂ နှစ် ကျော်ကာလမှာ ထင်ရှားပါတယ်။ ဒါကြောင့် မီဒီယာကောင်စီက သတင်းမီဒီယာ ကျင့်ဝတ်နဲ့ သတင်းလွတ်လပ်ခွင့်ရယ်၊ သတင်းအချက်အလက် သိပိုင်ခွင့် စတဲ့ အခြေခံတွေအပေါ်မှာ ရပ်တည်ရမယ့်ဟာကို သတင်းသမားဘက်က လိုက်ဖို့လည်း မဟုတ်ဘူး။ သို့သော်လည်း သတင်းလွတ်လပ်ခွင့်အပေါ်မှာတော့ ရပ်တည်ရမယ်၊ ကျင့်ဝတ်အပေါ်မှာတော့ ရပ်တည်ရမယ်။ သို့သော် ထုတ်ပြန်ချက်မှာတော့ ကျင့်ဝတ်နဲ့ ပတ်သက်လို့ ဘာမှဖော်ပြထားတာ မတွေ့ရတော့ သတင်းကျင့်ဝတ်အပေါ် ရပ်တည်တာထက်ကို နိုင်ငံရေးဘက်ကို ရပ်တည်ပြီး ပြောတဲ့ဟာလို့ အဲ့သည်လိုပဲ ကောက်ချက် ချပါတယ်။ ပြည်တွင်းမှာ နေထိုင်လုပ်ကိုင်နေတဲ့ သတင်းသမားတွေကတော့ စစ်ကောင်စီရော၊ သတင်းမီဒီယာကောင်စီရော ဘယ်ဟာကိုမှ ယုံစားလို့ မရတာကိုတော့ သူတို့ နားလည် သဘောပေါက်ထားကြတယ်လို့ ထင်ပါတယ်။ သတင်းကိစ္စ တိုင်ကြားဖို့ဆိုတာကလည်း သတင်းသမားအနေနဲ့ တိုင်ကြားတဲ့ဟာက အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နိုင်မဲ့ဟာတွေ အများကြီးရှိတယ်။ ဒါကြောင့် တိုင်ကြားတဲ့ ကိစ္စတွေကတော့ သတင်းမီဒီယာကောင်စီကို သွားတိုင်ကြားမယ့် အလားအလာတော့ သိပ်မမြင်ရပါဘူး။ . . . . "

သတင်း

သတင်း News ဟာ North, East, West and South အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ် ၄ မျက်နှာကလာတဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့် ထောင့် လေးထောင့်ကလာမယ်။ ဒါ့အပြင် အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက် စသည်ဖြင့် အရပ် ၈ မျက်နှာကလည်း သတင်းတွေ လာနေတာပါပဲ။ ဒီသတင်းတွေကို ဘယ်လိုတားမှာလဲ။

ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတဲ့ ရှေးပဝေသဏီက သက်ဦးဆံပိုင် ဘုရင်တွေခေတ်ကတောင် ပိတ်ပင်ထားတဲ့ သတင်းတွေဟာ ပေါက်ကြားတတ်ပါရဲ့။ ရှေးကဆို သတင်းထောက် သီးသန့် မရှိနိုင်သေးပါ။ နယ်လှည့် ကုန်သည်တွေ၊ သာသနာပြု ရဟန်းတော်တွေက တဆင့်သာ တနိုင်ငံက သတင်းကို တခြားတနိုင်ငံက ပြည်သူတွေ သိနိုင်ခဲ့ကြတာပါ။ ဒီ ရဟန်းတော်တွေ၊ နယ်လှည့် ကုန်သည်တွေဟာ ရှေးကာလ ရှေးဦးသတင်းထောက်တွေပေါ့။

မြန်မာပြည်နဲ့ သတင်းလောက အကြောင်းကိုသာ ရွေးထုတ်ပြောရလျှင်တော့ ၁၈၃၆ ခုနှစ်ကတည်းက မြန်မာဘာသာနဲ့ ထုတ်တဲ့ အပတ်စဉ်စာစောင်နဲ့ အင်္ဂလိပ်ဘာသာနဲ့ အပတ်စဉ်သတင်းစာတွေ ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ပထမဦးဆုံး သတင်းစာဟာ မော်လမြိုင် ခရော်နီကယ် (The Maulmain Chronicle) ပါ။ ၁၈၃၆ ခုနှစ် မေလ ၃ ရက်နေ့ မော်လမြိုင်မြို့မှာ စတင်ထုတ်ဝေပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းထုတ်တဲ့ သတင်းစာပါ။ သက္ကရာဇ် ၁၂၃၆ ခုနှစ် တပေါင်းလဆန်း ၁၃ ရက် (၁၈၇၅ ခုနှစ်၊ မတ်လ ၁၉ ရက်) နေ့မှာတော့ မင်းတုန်းမင်းကြီးက ရတနာပုံ နေပြည်တော်သတင်းစာကို ထုတ်ဝေခဲ့ပါတယ်။ သတင်းစာ စထုတ်ချိန်မှာပဲ မင်းတုန်းမင်းကြီးက အမိန့်တော် တစ်ရပ်ကို အခုလို ထုတ်ပြန်ခဲ့တယ်။

‘‘ငါ မကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဘုရား မကောင်းလျှင် ငါ့မိဘုရားကိုရေး၊ ငါ့သားသမီး မကောင်းလျှင် ငါ့သားသမီးကိုရေး၊ လွှတ်တရားသူကြီး မကောင်းလျှင် လွှတ်တရားသူကြီးကိုရေး၊ မြို့ဝန် မကောင်းလျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်မှ မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ’’ လို့ ဘုရင့် အမိန့်တော် ထုတ်ခဲ့တယ်။ ပဒေသရာဇ်ခေတ်မှာတောင်မှ မြန်မာနိုင်ငံ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိကြောင်း ဘုရင်ကိုယ်တိုင် ကောင်းကောင်း နားလည်သဘောပေါက်ထားတာကို သိနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော်ကာလက သက်ဦးဆံပိုင် ဘုရင်ကတောင် မပိတ်ပင်ခဲ့တဲ့ သတင်းမီဒီယာ အခွင့်အရေးပါ။ ဒါပေမဲ့ ဒီနေ့လို အိုင်တီခေတ် အင်တာနက်ခေတ်ကျမှ အာဏာသိမ်း စစ်ကောင်စီက သတင်းမီဒီယာသမားတွေကို သတင်းမှန်တွေ မလုပ်ရဲအောင် ပိတ်ပင် တားဆီးနေပြန်ပါပြီ။ ပိုလို့ ဆိုးတာက သတင်းမီဒီယာကောင်စီဝင်တွေကို စစ်တပ်အမိန့်ပေးတဲ့အတိုင်း လုပ်မယ့်၊ စစ်ကောင်စီ ကြိုးဆွဲရာကမယ့် သူတွေကို ခန့်ထားပြီး စစ်တပ်ကြိုးဆွဲရာကခိုင်းနေတာပါပဲ။ ဒါကြောင့်လည်း ရုပ်သေးမီဒီယာကောင်စီလို့ ပြောနေကြတာပါ။

သတင်းမီဒီယာကောင်စီ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (Myanmar Press Council -MPC) ဟာ စတင်ဖွဲ့စည်းစက မြန်မာနိုင်ငံ သတင်းမီဒီယာများကို ထိန်းကျောင်းကြီးကြပ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး မီဒီယာဆိုင်ရာ အမှုအခင်းတွေကို စုံစမ်းစစ်ဆေး ဖြေရှင်းပေးရတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။ မီဒီယာကောင်စီက သတင်းမီဒီယာကျင့်ဝတ်တွေကို ရေးဆွဲဖို့၊ မြန်မာ့မီဒီယာအဝန်းအဝိုင်းတွင်း မီဒီယာနဲ့ သက်ဆိုင်တဲ့သူ (သတင်းထောက်စသူ) တွေရဲ့ အခြေခံအခွင့်အရေး၊ လွတ်လပ်ခွင့်တို့ကို ကာကွယ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြတာပေါ့။ မူလက မီဒီယာကောင်စီ (ယာယီ) ကို ဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ပေးခန့်အပ်သူ (၂၀) ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD  ပါတီ မဲအပြတ်အသတ်နိုင်ပြီးတဲ့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ မှာ ကောင်စီဝင် ၂၉ ဦးနဲ့ အသစ်ပြန်ဖွဲ့စည်းခဲ့ပါတယ်။ NLD လက်ထက်မှာ မီဒီယာကောင်စီကို ပိုပြီး လွတ်လပ်အောင် ဖွဲ့စည်း လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သတင်းမီဒီယာ ပြဿနာတွေကိုလည်း ညှိနိုင်း ဖြေရှင်းပေးနိုင်ခဲ့တာ တနိုင်ငံလုံး အသိပါ။ စစ်တပ်က မွေးထားတဲ့ သတင်းအကြောင်းပြ ငွေညှစ် ငွေတောင်းကြမ်းတဲ့ MCRA မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို သတင်းစည်းကမ်းနဲ့ မညီတဲ့ အဖွဲ့အစည်းအဖြစ် မီဒီယာကောင်စီက ကြေညာနိုင်ခဲ့ပါတယ်။ NLD အစိုးရကလည်း MCRA မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို တရားမဝင်အသင်းအဖြစ် ကြေညာနိုင်ခဲ့ပါတယ်။ မီဒီယာကောင်စီက သတင်းကျင့်ဝတ် သတင်းသမားရပိုင်ခွင့်တွေကို ကြိုးစား ဆောင်ရွက်နေတာတွေဟာ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားခဲ့တာ ၂ နှစ်ခွဲကျော် ၃ နှစ်နီးပါး ကြာပါပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းယူအပြီး  သတင်းမီဒီယာတွေအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရဆိုပြီး မသုံးနှုန်းဖို့ စစ်ကောင်စီက သတင်းမီဒီယာကောင်စီကို ဖေဖော်ဝါရီ ၁၁ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ ဒီလို ဖိအားပေးခြခံရပြီးနောက် သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၆ ဦးအနက် ၂၄ ဦး နုတ်ထွက်ခဲ့လို့ ၂၀၂၁ ဖေဖော်ဝါရီ ၂၃ ကတည်းက ကောင်စီဝင်နှစ်ဦးသာ ကျန်ရှိခဲ့ပါတယ်။

ရုပ်သေးမီဒီယာကောင်စီ

အာဏာသိမ်းပြီး မကြာခင်မှာပဲ မီဒီယာကောင်စီဝင်တွေ နုတ်ထွက်ကုန်ကြပါတယ်။ စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်မှာ သတင်းမီဒီယာကောင်စီဝင် ၂၃ ဦးကို တာဝန်က ရပ်စဲခဲ့တယ်။ စစ်တပ်ခန့် ရုပ်သေး သတင်းမီဒီယာကောင်စီဝင်တွေရဲ့ ကတိသစ္စာပြုပွဲကို နေပြည်တော် စစ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်မှာ ၂၀၂၁ နိုဝင်ဘာ  ၂၄ မှာ လုပ်တယ်။ စစ်ကောင်စီဥက္ကဋ္ဌရုံးထဲက မီဒီယာကောင်စီ သစ္စာဆိုပွဲပေါ့။ မီဒီယာသမားတွေအတွက် ကောင်စီလား စစ်အာဏာသိမ်းသမားတွေအတွက် ကောင်စီလား မေးစရာတောင်လိုတော့မည် မထင်ပါ။ အဆိုးဆုံးကတော့ NLD လက်ထက် တရားမဝင်ကြေညာထားတဲ့ သတင်းအကြောင်းပြ ငွေညှစ် ငွေတောင်းကြမ်း MCRA မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးသက်နိုင်ဦးကို မီဒီယာ ကောင်စီဝင်အဖြစ် ထည့်သွင်းထားတာပါ။ ဒီလို ရုပ်သေးမီဒီယာကောင်စီကနေ အာဏာသိမ်းစစ်တပ်ရဲ့ မီဒီယာ ဖိနှိပ်မှုတွေကို ဝေဖန်တာ ဟန့်တားတာမျိုးတွေ ဘယ်တွေ့ရနိုင်ပါ့မလဲ။

စစ်တပ်အာဏာသိမ်းပြီး ၃၆ ရက်အကြာ မတ် ၈ ရက် နေ့မှာတော့ ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ 7days၊ ရုပ်သံလိုင်းတွေဖြစ်တဲ့ DVB၊ Mizzima နဲ့ အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ မြန်မာနောင်း၊ ခေတ်သစ် စတဲ့ မီဒီယာ ၅ ခုကို စစ်ကောင်စီကနေ ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းလိုက်ကြောင်း တပ်ပိုင်မြဝတီ ရုပ်သံကနေ ကြေညာခဲ့ပါတယ်။ ဒါကိုလည်း ရုပ်သေး မီဒီယာကောင်စီက “ဆိတ်ဆိတ်နေထောင်တန်” လုပ်နေခဲ့တာပါ။ အခုဆိုရင် စစ်ကောင်စီက သတင်းမီဒီယာသမား ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၅၀ ကျော်ဟာ အခုအထိ ထောင်ကျနေဆဲပါ။ ဒါကိုလည်း မီဒီယာကောင်စီက လေသံတောင်မှ မဟပါဘူး။ ငါတို့ အရေးဆိုရမယ့်ကိစ္စ ဆိုတာတောင် သိတဲ့ပုံ မရှိပါဘူး။

ဒါဆိုရင် အခုနောက်ဆုံး မီဒီယာကောင်စီရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ကြေညာချက် (၅/၂၀၂၃) ထုတ်ပြန်ခဲ့တာဟာလည်း သိပ်တော့ မထူးဆန်းတော့ပါ။ (၅/၂၀၂၃) ထုတ်ပြန်ချက်ဟာ "သတင်းအမှန်တွေ မလုပ်ရ။ အာဏာသိမ်း စစ်ကောင်စီကို မဝေဖန်ရ။ သတင်းမှန်တွေလုပ်လို့ အရေးယူခံရပါက မီဒီယာကောင်စီက ဘာမျှ ကူညီ မပေးနိုင်ဘူး" လို့ ပြောလိုက်တာသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်း စစ်တပ်ကြိုးဆွဲရာကနေကြရတဲ့ ရုပ်သေးသတင်းမီဒီယာကောင်စီလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာပြည် သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင် လူမျိုးစုံ တိုင်းရင်းသားစုံ မြန်မာနိုင်ငံ ပြည်သူလူထုကြီး တရပ်လုံးရဲ့ လွတ်လပ်ခွင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် စတာ စတာတွေဟာလည်း အာဏာသိမ်းစစ်တပ်ကို အမြစ်ပြတ် တိုက်ပွဲဝင်ကြမှသာ ရနိုင်မှာပါ။ အားလုံးရဲ့ လွတ်လပ်ခွင့်အတွက် အားလုံးက ညီညီညာညာ စစ်အာဏာရှင်ကျရှုံးရေး နွေဦးတော်လှန်ရေးကြီးမှာ ရောက်ရာနေရာက ပါဝင် တိုက်ပွဲဝင်ကြပါလို့သာ တိုက်တွန်းလိုက်ပါတယ်။ ။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013