အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့မှာ မီးရှို့ခံထားရတဲ့ နေအိမ်တွေက ပစ္စည်းတွေကို မြန်မာနိုင်ငံသား ၃ ဦး ခိုးယူတဲ့အတွက် မဏိပူရရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ Sakshi Post မှာ ဖော်ပြထားပါတယ်။
မဏိပူရပြည်နယ်မှာ မေ ၃ ရက်က လူမျိုးရေးအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ မီးရှို့ခံရပြီး အဲဒီနေအိမ်တွေကနေ ပစ္စည်းခိုးယူခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ခိုးရာပါပစ္စည်းတွေနဲ့အတူ မဏိပူရရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
မဏိပူရပြည်နယ်ရဲတပ်ဖွဲ့ မိုးရေးနယ်စပ်မှာ ကင်းလည့်နေစဉ် အသက် ၃၀ အရွယ် အောင်မြင့်၊ အသက် ၂၅ နှစ်အရွယ် အောင်အောင်နဲ့ ခမ်းကင်းထန်ဂွိုက် တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ ၃ ဦးလုံးဟာ ချင်းပြည်နယ်၊ တမူးဒေသမှာ နေထိုင်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းမ်က “မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း မီးလောင်အိမ်တွထံကနေ ပရိဘောပစ္စည်းတွေနဲ့ လျှပ်စစ်မီးစက်တွေ ခိုးယူခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ၃ ဦးလုံးကို မိုးရေးရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
မဏိပူရအစိုးရဟာ မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်ပြီး ရန်လိုတဲ့ အပြုအမူတွေ၊ ခိုးမှုတွေနဲ့ မူးယစ်ဆေးဝါးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း မကြာခဏ ပြောကြားနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၄၀၀ အထိ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံပိုင် ပြည်နယ်တခု ဖြစ်ပါတယ်။