DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဖမ်းဆီးခံ တုံးဗျောရွာသားများ ပြန်လွတ်
DVB
·
October 24, 2023
မြိတ်မြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဖမ်းဆီးခံ တုံးဗျောရွာသားများ ပြန်လွတ်
1 / 2
Donate to DVB

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့  တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာသားတွေအကုန်လုံး ဒီကနေ့ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

တုံးဗျောကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကနေ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းလောက်ကစပြီး အဲဒီနေရာအနီးတဝိုက်နဲ့ PDF သွားတဲ့ လမ်းကြောင်းတလျှောက်က ဖြတ်သွားဖြတ်လာကြတဲ့ ဒေသခံ အရပ်သား ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။

အရပ်သားပြည်သူ ၅ဝ ကျော်အထိ ဖမ်းဆီးခံရပြီး အဲဒီအထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ကာ နို့စို့အရွယ် ကလေးငယ်တဦးလည်း ဖမ်းဆီးခံရတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတဦးက “ကလေးကို သူ့အမေ့ဆီ ပြန်ပို့ဖို့ လာပြောတဲ့သူတွေကိုပါ ဖမ်းလိုက်တာ။ သူတို့လုပ်တဲ့ပုံက ဘယ်လိုပုံမျိုးဆို သူတို့နေရာတဝိုက်နားမှာ မဝင်ရဆိုပြီး ဆိုင်းဘုတ်ထောင်ပြီး ကန့်သတ်နယ်မြေ လုပ်လိုက်တယ်၊ ပြီးတော့ ဒီလမ်းနား ရွာသားတွေက မသိဘဲလာရင် လာသူတွေကို ဖမ်းဆီးတဲ့ပုံမျိုးပါ။ ကလေးက ညကတည်းက တော်တော်ငိုနေတာတဲ့” လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးချုပ်နှောင်ခံရသူတွေမှာ စစ်ကောင်စီတပ်ကနေ “မဆင်းရ” ဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာ ကန့်သတ်နယ်မြေလုပ်ထားတဲ့ လမ်းပိုင်းကို ဒေသခံပြည်သူတွေက မသိဘဲနဲ့ ဖြတ်သွားကြရာမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တရက်လုံး အစာမစားရဘဲ ဖမ်းဆီးချုပ်နှောင်ခံကြရတာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းလောက်မှာ ပြန်လည်လွတ်မြောက်လာကြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဒေသခံအမျိုးသားတဦးကိုလည်း PDF အဖွဲ့ဝင်လို့ စွပ်စွဲကာ အပြင်းအထန် ရိုက်နှက်စစ်ဆေးခဲ့ကြတယ်လို့လည်း ပြန်လွတ်လာသူတဦးက ပြောပါတယ်။

ဒေသခံတဦးက “တယောက်တော့ တအားပဲ ရိုက်ခံထိထားတယ်။ သူ့ကို PDF ထင်ပြီး ရိုက်တာ။ ရိုက်တဲ့အချိန်မှာ သေနတ်ပေးဆိုပြီးပဲ တောင်းနေတယ်။ အကုန်လုံးကိုတော့ ပြန်လွှတ်ပေးလိုက်ပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် တုံးဗျောကြီးက ဒေသခံပြည်သူ အများအပြား ဖမ်းဆီးခံရမှာ ကြောက်ရွံ့ပြီး ထွက် ပြေး တိမ်းရှောင်နေကြပါတယ်။

အောက်တိုဘာ ၂၁ ရက်က တုံးဗျောကြီးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းကနေ သွားရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၁ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနက် ၅ နာရီခွဲက ဖြစ်ပွားခဲ့တဲ့ တုံးဗျောကြီးရွာက စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ တိုက်ပွဲ ၂ နာရီ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီခွဲလောက်မှာ ငါးရံ့အင်းကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အယောက် ၂ဝ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

မြိတ် ပကဖ တာဝန်ခံတဦးက “KNDO က ရဲ‌ဘော် ၁ ဦး ကျဆုံးသွားတာပါ။ စကစဘက်က ၃၃ ဦးသေတယ်ဆိုတာက‌ သူတို့နဲ့နီးစပ်သူတွေထဲက ပြောတဲ့သတင်းပါ။ ပြီးတော့ တုံးဗျောကြီးရွာထဲမှာလည်း စကစဗိုလ်ကြီးတဦး လာထိုင်ပြီး သူ့တပည့်တွေကို ဆဲဆိုနေတယ်လို့လည်း သိရတယ်။ ကျနော်တို့ရထားတဲ့ သတင်းနဲ့ သူတို့ဆီကရတဲ့ သတင်းကြောင့် အတည်ပြုလို့ရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က တပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အဆိုပါနေ့က တုံးဗျောတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က စစ်ကောင်စီစခန်း သိမ်းလုနီးပါး ဖြစ်ခဲ့ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဆုတ်ခွာလာရတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲက စခန်းသိမ်းပါပဲ။ ကျနော်တို့ ရန်သူ့ရဲ့ ပထမစည်းထဲတော့ ရောက်ပြီးပါပြီ။ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေကလည်း မနားတမ်းပစ်တာလည်းပါတယ်။ ပစ်တာကတော့ လသာဘုရားတောင်နဲ့ တုံးဗျောငယ် ဘုရားတောင်ကနေပြီး ပစ်တာပေါ့။ ကျနော်တို့ဘက်က ကျည်နည်းပါးနေမှုကြောင့်နဲ့ အချိန်လည်း ကြာမြင့်နေတာကြောင့် ပြန်ဆုတ်ခွာလိုက်တာပါ။”

အခု ပစ်ခတ်တိုက်ခိုက်မှုတွေကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖနဲ့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းဘက်က စစ်ရေးလုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိ‌စွာ သွားလာပေးကြဖို့ကိုလည်း သတိပေး‌ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ တပ်ရင်းတွေ အများအပြား တပ်စွဲနေထိုင်နေတဲ့ တုံးဗျောကြီးကျေးရွာအုပ်စုမှာ မြိတ်-တနင်္သာရီ ကားလမ်းမပေါ်မှာ ရှိပြီး အိမ်ထောင်စု ၁,ဝဝဝ ကျော်အထိရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013