DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် အရပ်ဘက်အဖွဲ့အစည်းဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးကို စစ်တပ်က သတ်ဖြတ်
DVB
·
July 21, 2026
Photo: ကိုအယ်သာ၊ MAGGA Initiative
Photo: ကိုအယ်သာ၊ MAGGA Initiative
Donate to DVB

စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားတဲ့ The Ants (Humanitarian Aid Team-Tanintharyi) အရပ်ဘက်အဖွဲ့အစည်းဝင် ၃ ယောက်နဲ့ အရပ်သားတယောက် သတ်ဖြတ်ခံရတယ်လို့ MAGGA Initiative ဆီက သိရပါတယ်။

ဇူလိုင် ၇ ရက်က ထား၀ယ်အထူးစီးပွားရေးဇုန်က ကျေးရွာ​တွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်​ကြောင့် တိမ်း​ရှောင်ကြတဲ့ The Ants (Humanitarian Aid Team-Tanintharyi) အဖွဲ့ဝင် ၃ ယောက်ဟာ စစ်​ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာပါ။

MAGGA Initiative ရဲ့ တာဝန်ရှိသူတ​ယောက်က “အဲဒီနယ်မြေက ရပ်ရွာပြည်သူ​တွေ နီးစပ်ရာ ကျေးရွာ​တွေကို စစ်ရှောင်ကြတာ။ The Ants (Humanitarian Aid Team-Tanintharyi) အဖွဲ့ဝင် ကိုအသာ၊ ကိုမြတ်သူ၊ ကိုလီယို တို့လည်း နတ်တွင်းကျေးရွာဘက် ထွက်ကြတာ ဇူလိုင် ၉ ရက်နေ့မှာ စစ်တပ်နဲ့တွေ့ပြီး ကားသမားအပါ တခြားခရီးသည်​တွေနဲ့ ဖမ်းဆီးခံလိုက်ရတယ်” လို့ DVB ကို ​​ပြောပါတယ်။

ဖမ်းဆီးခံရသူ​တွေထဲက အမျိုးသမီး​တွေကို စစ်တပ်က ပြန်လည်လွှတ်ပေးခဲ့ပြီး ကိုအသာ၊ ကိုမြတ်သူ၊ ကိုလီယို တို့ ၃ ယောက်ကို​​တော့ ခမောင်းချောင်းဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားခဲ့တာလို့ ဆိုပါတယ်။

အဲဒီ​နောက် အနီးတ၀ိုက် ကျေးရွာ​တွေကို စစ်ကြောင်းထိုးတာ၊ အရပ်သား နေအိမ်​တွေကို မီးရှို့တာ​တွေ လုပ်ပြီး ကိုအသာ၊ ကိုမြတ်သူ၊ ကိုလီယိုတို့ ၃ ယောက်ကို လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၀ ရက် မနက်မှာ​တော့ စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာအနီးတ၀ိုက်ကို လိုက်လံရှာဖွေတာမှာ နဘုလယ်ဒေသ ဧကနိကျေးရွာမှာ သူတို့ ၃ ယောက်ရဲ့ ပုပ်ဆွေးပျက်စီး​နေတဲ့ အ​​လောင်း​တွေကို ရှာ​ဖွေ​တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့နဲ့အတူ အသတ်ခံရတဲ့ အရပ်သားကို​တော့ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို မသိရ​သေးဘူးလို့ ဆိုပါတယ်။

MAGGA Initiative ရဲ့ တာဝန်ရှိသူတ​ယောက်က “တွေ့ရှိတဲ့အချိန်မှာ ပုပ်ဆွေး​နေပြီ။ လွန်ခဲ့တဲ့ ၄၊ ၅ ရက်ခန့်က အသတ်ခံခဲ့ရတယ်လို့ ခန့်မှန်းရပါတယ်။ ရပ်ရွာတာ၀န်ခံ​တွေက​တော့ မနေ့က ဇူလိုင် ၂၀ ရက်နေ့ ညနေမှာ သက်ဆိုင်ရာ ကျေးရွာမှာပဲ မီးသင်္ဂြိုဟ်ပြီးစီးခဲ့တယ်” လို့ ​ပြောပါတယ်။

The Ants (Humanitarian Aid Team-Tanintharyi) အရပ်ဘက်အဖွဲ့​ဟာ တနင်္သာရီတိုင်း ပဋိပက္ခသက်ရောက်ရာ ဒေသ​တွေက ပြည်သူ​တွေ၊ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခ​တွေ လျော့ပါးရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တိုးမြင့်လာစေရေး​တွေမှာ အထောက်အကူပြုဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပညာရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်း​တွေကို ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။

The Ants (Humanitarian Aid Team-Tanintharyi) အဖွဲ့၀င် လူငယ်​တွေဟာ MAGGA Initiative ရဲ့ ဒီမိုကရေစီနဲ့ နိုင်ငံသားပညာရေး သင်တန်းအစီအစဥ် ၂၀၂၄ ရဲ့ သင်တန်းသား၊ သင်တန်းသူ​တွေ ဖြစ်ပြီး ထား၀ယ်ဒေသရဲ့ ကြားကာလပညာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်း​တွေကို လက်တွဲလုပ်ဆောင်နေတဲ့ အရပ်သား စေတနာ့ဝန်ထမ်း လူငယ်​တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013