DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
October 24, 2023
မုံရွာမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက နောက်ချန်စစ်သား ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဦး သေဆုံးခဲ့ပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDF ထံက သိရပါတယ်။

အောက်တိုဘာ ၂၃ ရက် မနက် ၇ နာရီက  ၅၀၈ အမြောက်တပ်က သာစည်ရွာ အကျဉ်းထောင်ကိုထွက်ခွာလာတဲ့ စစ်ကြောင်းက နောက်ဆုံးကျန်ခဲ့တဲ့ စစ်သား သုံးဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားထံက MA 1 တလတ်၊ ကျည်ဆန် ၂၀၀ ကျော်၊ ရိုင်ဖယ်တပ်ဗုံးသီးတလုံး၊ ၆၀ မမ တလုံး၊ ကျည်ဘောက်ပို ၂ ခု၊ ကျည်ကာပြား Equipment တထည်နဲ့ ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDF က သတင်းထုတ်ပြန်ထားပါတယ်။

သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDF ပြန်ကြားရေးတာဝန်ခံတဦးက“စစ်ကြောင်းထဲက ‌ကွဲပြီးကျန်ခဲ့တဲ့ နောက်ဆုံးက သုံးယောက်ထဲက နှစ်ယောက်ကတော့ ပြေးသွားတာ ကျန်ခဲ့တဲ့တယောက်ကို အရှင်ဖမ်းဖို့ လုပ်ခဲ့ပေမဲ့ ခုခံနေလို့ ပစ်ခတ်လိုက်ရတယ်။ စစ်သားရဲ့အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ပါတယ်” လို့  ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း-၂၇၊ တပ်ခွဲ-၂ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့- TLWDF၊ တိုက်တန် ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိုးဟိန်းကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့၊ ပညာရေးကောလိပ်အနီးမှာလည်း   မနေ့မနက် ၉ နာရီကျော်လောက်ကလုံခြုံရေးတာဝန်ကျ စစ်သား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ‌အနီးပတ်ဝန်းကျင်က ပြည်သူတွေထံကနေ သိရပါတယ်။

မျက်မြင်တွေ့သူတဦးက “အဲဒီစစ်သား ၂ ဦးက ပညာရေးကောလိပ်ရှေ့က သာစည်လမ်းမပေါ်တက်တက်ပြီး ဆက်ကြေးတောင်းတာတွေ နေ့တိုင်းလိုလို လုပ်နေတာ။ ဒီနေ့ကတော့ ပညာရေးကောလိပ်တောင်ဘက် ဗိုလ်တထောင်လမ်းထိပ် တံတားပေါ်ကနေ ဆက်ကြေးတောင်းဖို့ လာတဲ့အချိန်ကို ပစ်သတ်ခံလိုက်ရတယ်၊ နေရာတင်သေတယ်။ လက်နက်တွေပါ ကောက်ယူသွားကြတယ်။ အိမ်စီးကားနဲ့ လာပစ်သွားတာ။ နောက်တနာရီလောက်ကြာတော့ စစ်သားတွေအများကြီးနဲ့လာပြီး အလောင်းလာ ကောက်တာတွေ စစ်ကောင်စီဘက်က လုပ်တယ်။ အဲလိုလုပ်နေတဲ့အချိန် ဆိုင်ကယ်နဲ့ သာစည်လမ်းပေါ်ဖြတ်သွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ပစ်သတ်တာတွေလည်း ရှိခဲ့တယ်။ ယောကျ်ားလေးကတော့ နေရာတင်သေတယ်။ မိန်းကလေးကတော့ ဆေးရုံခေါ်သွားတာ တွေ့ရတယ်ဗျ။ သေနတ်နဲ့ အပစ်ခံရတဲ့သူတွေက လူငယ်ပိုင်းတွေဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို စစ်သားသေဆုံးပြီး အရပ်သား ၂ ဦးကို စစ်ကောင်စီက ပစ်သတ်တာကို မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့လည်း သက်ဆိုင်ရာ မုံရွာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်လို့ မရရှိသေးဘဲ ဖြစ်နေရပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီအထိုင်ချစခန်းတွေကို အခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က ဝင်ရောက်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က အသေအဆုံးတွေလည်း အများအပြား ရှိနေတယ်လို့ မုံရွာမြို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်ကလည်း မုံရွာမြို့တောင်ဘက် အိုးရှင်းနောက်ကြောလမ်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခုလို လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာတော့ တောင်ပေါက်ရွာအနီး ချင်းတွင်းမြစ်အတွင်း ဖောင်းပြင်မြို့ဘက်ကနေ စုန်ဆင်းလာတဲ့ စစ်တပ် သစ်တင် ဖလက်သင်္ဘော ၇ စီးအုပ်စုထဲက ၁ စီး သောင်တင်ပြီး စခန်းချနေရာ အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ သစ်တင်ဖလက်သင်္ဘောပေါ် ပါလာတဲ့ စစ်တပ်ဘက်က အယောက် ၂၀ ဝန်းကျင် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ‌ထိခိုက်ဒဏ်ရာ ရသွားကြတယ်လို့ ဒေသတွင်း တော်လှန်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

“သဝန်၊ မှုံကြီးရွာ ရေလက်ကြားမှာ အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက သစ်တင် ဖလက်သင်္ဘော တစီး သောင်တင်နေတာ ဆက်ပြီး မစုန်နိုင်ဘဲ သဝန်၊ မှုံကြီး၊ တောင်ပေါက်ရွာနားမှာ စခန်းချနေထားကြတာ။ သောင်တင်နေတာ ကျဖို့လုပ်နေကြတာ အဲဒီကနေ ရွာပေါ်တက်လာလို့ PDF တွေနဲ့ တွေ့ပြီး တိုက်ကြတာ အဲ့ဒီနေ့က(စခ..) ၃ ယောက်သေတယ်။ နောက်ရက်ကျ တိုက်ပွဲပြင်းထန်ပြီး(စခ..) ၂၀ လောက်သေတယ် ၁၅ ယောက်လောက် ဒဏ်ရာရသွားကြတယ်။”

ချင်းတွင်းမြစ်အတွင်း သောင်တင်နေတဲ့ သစ်တင် ဖလက်သင်္ဘောပေါ်က စစ်သားတွေ ၂၀ ရက်နေ့ ညပိုင်းမှာ သဝန်ရွာပေါ်ကိုတက်လာရာ ဒေသခံကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ယောက်သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းမှာ ဒေခံကာကွယ်ရေးအဖွဲ့တွေက တောင်ပေါက်နေရာအနီးမှာရှိနေတဲ့ စစ်တပ် ရေယာဉ်အုပ်စုကို တိုက်ခိုက်ကြရာ ဖလက်တွန်းသင်္ဘော ၁ စီးမီးလောင်ပျက်စီးသွားပြီး၊ စစ်သား ၂၀ ယောက်ခန့်သေဆုံးကာ ၁၅ ယောက်ခန့် ပြင်းထန် ဒဏ်ရာရသွားကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ် ။

သောင်တင်နေတဲ့ စစ်တပ်သစ်တင်ဖလက်သင်္ဘောကိုထားခဲ့ပြီး မီးလောင်တဲ့ ဖလက်နောက်တွန်း ၁ စီးအပါအဝင် သင်္ဘော ၆ စီးဟာ မော်လိုက်မြို့ကို ရောက်နေပြီလို့ ဒေသခံတွေဆီကသိရပါတယ် ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013