DVB Logo
Home
မြန်မာသတင်း
တရုတ်မီးပုံးများကြောင့် ပြည်တွင်းက စက္ကူမီးပုံးလုပ်သူများ အခက်ကြုံ
DVB
·
October 24, 2023
တရုတ်မီးပုံးများကြောင့် ပြည်တွင်းက စက္ကူမီးပုံးလုပ်သူများ အခက်ကြုံ
Donate to DVB

လာမယ့်သီတင်းကျွတ်ကာလ မီးထွန်းပွဲတော်အတွက် ပြည်ပက တင်သွင်းလာတဲ့ တရုတ်မီးပုံးတွေကို အွန်လိုင်းစျေးကွက်မှာ ရောင်းချနေတာတွေကြောင့် ရိုးရာမီးပုံးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စက္ကူမီးပုံးလုပ်ကိုင်သူတွေဆီက သိရပါတယ်။

ရိုးရာစက္ကူမီးပုံး လုပ်ကိုင်သူတွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားတာနဲ့ စျေးကွက်အတွင်း ဝယ်လိုအား ကျဆင်းမှုတွေကြောင့် အရင်းအနှီးကုန်ကျစရိတ် ပြန်လည်ရရှိဖို့ ခက်ခဲနေတယ်လို့ ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ် ဗားဂရာလမ်းမှာ ကိုယ်တိုင်ပြုလုပ်ရောင်းချနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်တုန်းကတော့ တအားရောင်းရတာ။ အော်ဒါမှာသလောက်ကိုတောင် မလုပ်ပေးနိုင်ခဲ့ဘူး။ အခုဟာက ကော်နဲ့လုပ်ထားတဲ့ တရုတ်မီးပုံးတွေကို အွန်းလိုင်းပေ့ချ်တွေက ရောင်းနေကြတော့ ကျနော်တို့ စက္ကူမီးပုံးတွေက စျေးကွက်ပျောက်ချင်သလိုတောင် ဖြစ်လာတယ်။ အစစအရာရာ စျေးတက်နေတော့ ရင်းထားတဲ့ အရင်းအနှီးတောင် ပြန်ရပါ့မလားလို့ စိတ်ပူနေရတယ်။”

သီတင်းကျွတ်ကာလအတွင်း အိမ်တိုင်း လမ်းတိုင်းမှာ နှစ်စဉ် ထွန်းညှိလေ့ရှိတဲ့ ဖယောင်းတိုင်မီး၊ ဆီမီး၊ ရောင်စုံမီးပုံးတွေအပြင် ရောင်စုံဒီဇိုင်းစုံ LED မီးဆိုင်း/မီးတွဲ၊ ဓာတ်ခဲအသုံးပြု ဖယောင်းတိုင်၊ LED ပန်းအိုးနဲ့ ပန်းစည်းတွေကိုပါ အွန်လိုင်းစျေးကွက်အတွင်း တင်သွင်းရောင်းချလာကြတာ ဖြစ်ပါတယ်။

တရုတ်မီးပုံးမျိုးစုံနဲ့ ဖန်စီမီးအလှပစ္စည်းမျိုးစုံ Online Shopping လုပ်ငန်း လုပ်ကိုင်နေသူတဦးက “ပြီးခဲ့တဲ့လတည်းက မှာနေကြတာပါ။ အစ်မတို့က Customer အကြိုက်ကို တင်ရောင်းပေးနေရတာ။ ဒီမီးပုံးတွေက ဓာတ်ခဲအရံသင့်ပါပြီးသားဆိုတော့ လိုတဲ့အချိန် ဖွင့်သုံးလိုက်ရုံပဲ။ စက္ကူမီးပုံးကျတော့ ကလေးတွေမှာ ဖယောင်းတိုင်မီးလောင်တဲ့ ပြဿနာတွေရှိတော့ အမှာနည်းကြတာပါ” လို့ ပြောပါတယ်။

သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဗုဒ္ဓဘာသာ ယဥ်ကျေးမှုထုံးစံအရ ဂေါတမမြတ်စွာဘုရားက တာဝတိံဿာနတ်ပြည်မှာရှိတဲ့ မယ်တော်အမိနတ်သားကို တရားဟောပြီး လူ့ပြည်ကို ပြန်လည်ကြွရောက်လာချိန်မှာ ရည်စူးဖူးမြော်ပြီး နှစ်စဥ် ရိုးရာမပျက် မီးထွန်းညှိ ပူဇော်ကြိုဆိုတဲ့ပွဲတခုလည်း ဖြစ်​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013