DVB Logo
Home
နိုင်ငံတကာ
ဓားစာခံ အစ္စရေးအမျိုးသမီး ၂ ဦးကို ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေး
DVB
·
October 24, 2023
ဓားစာခံ အစ္စရေးအမျိုးသမီး ၂ ဦးကို ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေး
Donate to DVB

ပါလက်စတိုင်း ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့က သူတို့ပြန်ပေးဆွဲထားတဲ့ အစ္စရေးအမျိုးသမီးနှစ်ဦးကို ကျန်းမာရေး အကြောင်းပြချက်နဲ့ အောက်တိုဘာ ၂၃ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအပေါ် မြေပြင်ထိုးစစ်ကို ရပ်တန့်ဖို့ အစ္စရေးကို အကြံပြုထားတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ကနေ အီဂျစ်နိုင်ငံဆီ ဖြတ်ကူးတဲ့ ရာဖယ်တောင်ကြားမှာ အကျဉ်းသားနှစ်ဦးကို လူနာတင်ယာဉ်တွေထံ လွှဲပြောင်းပေးနေတဲ့ ဗီဒီယိုဖိုင်ကို အီဂျစ်အခြေစိုက် အယ်လ် ကာဟေရာ သတင်းဌာနက ပြသခဲ့ပါတယ်။

လွှတ်ပေးခံရသူတွေဟာ သက်ကြီး အစ္စရေးအမျိုးသမီး နူရစ်ကူးပါးနဲ့ ယိုချဒ် လစ်ဖ်ရှစ်ဇ်တို့ ဖြစ်တယ်လို့ အစ္စရေးမီဒီယာတွေက သတ်မှတ်ဖော်ပြထားတဲ့အကြောင်း သတင်းရင်းမြစ် တရပ်က ပြောပါတယ်။

“သူတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံနဲ့ ညံ့ဖျင်းတဲ့ ကျန်းမာရေး အခြေအနေတွေအတွက် လွှတ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုင်ဒါက တယ်လီဂရမ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။

သောကြာနေ့က အမေရိကန် သားအမိနှစ်ယောက်ကို ပြန်လွှတ်ပေးပြီးတဲ့နောက် သူတို့ လွတ်မြောက်လာခဲ့တာပါ။

လူပေါင်း ၁,၄၀၀ သေဆုံးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း ဟားမတ်စ် သေနတ်သမားတွေက သူတို့လေးဦး အပါအဝင် လူပေါင်း ၂၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။

တတိယနဲ့ စတုတ္ထမြောက် ဓားစာခံတွေကို ပြန်လွှတ်ပေးခဲ့ပြီး မိသားစုတွေကို အကြောင်းကြားခဲ့တယ်လို့ အစ္စရေးရုပ်သံလိုင်း 12 က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခဖြစ်နေတဲ့ကြားက ဒေသတွင်းမှာ အီရန်ရဲ့ ကိုယ်ပွားတွေက တိုက်ခိုက်မှာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

တစုံတခုဖြစ်ခဲ့ရင် အမေရိကန်က အီရန်ကို တာဝန်ခံခိုင်းမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

တင်းမာမှုတွေကြားမှာ အမေရိကန်က မြေထဲပင်လယ် အရှေ့ပိုင်းမှာ လေယာဉ်တင်သင်္ဘော နှစ်စင်းကို တပ်ဖြန့်ထားပါတယ်။ တရုတ်ကလည်း စစ်သင်္ဘော ၆ စီးကို အရှေ့အလယ်ပိုင်း ဒေသဆီ စေလွှတ်ခဲ့တယ်လို့ CNN နဲ့ CNBC သတင်းဌာနတို့က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013