စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ၁၄ မိုင်ခန့်အကွာ နတ်ကြီးကုန်းကျေးရွာအနီး ကားလမ်းမပေါ်မှာ ကာလတန်ဖိုး ကျပ်ငွေ ၃ ဒသမ ၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
အောက်တိုဘာလ ၁၈ ရက် မနက် ၈ နာရီလောက်က မန္တလေးမှ ကလေးမြို့ကို မောင်းနှင်လာတဲ့ ကားတစင်းကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ရပ်တန့် စစ်ဆေးရာကနေ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို ယာဥ်မောင်း ဇေယျာထွန်း (ခ) ဧရာထွန်းနဲ့ အတူ ဖမ်းဆီးရမိလိုက်တာပါ။
ကားပေါ်မှာ ကုန်ပစ္စည်းတွေအကြား ဝှက်ပြီးသယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေ ဆပ်ပြာခွက် ၃,၃၀၀ ခွက်အတွင်းမှ ဘိန်းဖြူ ၃၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ ဒသမ ၂ သိန်းတို့ သိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်တရားခံကို လိုက်လံရှာဖွေရာမှာတော့ မူးယစ်ဆေးဝါး ဆက်စပ်တရားခံ မန္တလေး၊ အောင်မြေသာဇံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်နေ သိန်းထွန်းအောင် (ခ) ချမ်းမြေ့အောင် (ခ) ချမ်းမြေ့ကို နေအိမ်မှာ အောက်တိုဘာ ၁၉ ရက် ညပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ပါတယ်။
ကလေးမြို့မှာ မြို့ပေါ်တွေတင်မက စာကျောင်းတွေထဲမှာပါ မူးယစ်ဆေးဝါးအသုံးပြု ပစ္စည်းတွေ တွေ့ ရှိနေရလို့ ဒေသခံ ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။
ဒေသခံတဦးက "မူးယစ်ဆေးဝါးက အလွယ်တကူ သုံးစွဲလို့ရနေတော့ စိုးရိမ်ရတာပေါ့ဗျ။ အစိုးရစာသင်ကျောင်း၀င်းထဲမှာတောင် မူးယစ်ဆေးသုံးတဲ့နေရာမှာ သုံးတဲ့ပိုက်နဲ့ အပ်တွေတောင် တွေ့နေရတယ်ဆိုပြီး ကြားလို့ တချို့မိဘတွေက လန့်နေကြရတယ်” လို့ ပြောပါတယ်။
ကလေးမြို့ခံတဦးက "အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မူးယစ်ဆေးဝါး ပြဿနာက အတော်ဆိုးလာတယ်ဗျ။ မြို့ထဲမှာတင်ကို ပေါ်ပေါ်တင်တင် ရောင်း၀ယ် သုံးစွဲနေကြတယ်၊ ဆေးရုံကြီးနောက်ကျောဘက် ဈေးလမ်းကြားဆိုရင်၊ ညနေခင်းဆို မူးယစ်ဆေးသုံး သူတွေကို နေ့ခင်းကြောင်တောင်ကို မြင်တွေ့နေရတယ်။ ခုနကပြောတဲ့ ရပ်ကွက် (နတ်ကြီးကုန်း)ဆိုရင် ကလေးမြို့ထဲမှာ ပျူစောထီးအားအကောင်း ဆုံးရပ်ကွက်ပဲ၊ မြို့မရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှိတဲ့ ရပ်ကွက်ပဲ”လို့ ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့စစ်ရေး အခြေအနေက ငြိမ်သက်နေပြီး စစ်ကောင်စီက မြို့ပေါ်မှာ နေထိုင်သူတွေကို တောင်ပိုင်းနယ်တွေဘက်ကို သွားခွင့်မပေး၊ တောင်ပိုင်းနယ်ကလူတွေ မြို့ထဲမလာဖို့ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။