စစ်အာဏာသိမ်းပြီးတဲ့နောက် ၂ နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မူးယစ်ဆေးဝါးကို အလွယ်တကူဝယ်ယူလို့ရနေပြီး သုံးစွဲသူတွေ များပြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလေးမြို့အရှေ့ပိုင်း မြို့သာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နဲ့ အနောက်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ တောင်သာရပ်ကွက်၊ မြို့လှရပ်ကွက်အပါအဝင် နေရာအချို့မှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်သုံးစွဲလာတွေ ရှိတယ်လို့ ဆိုပါတယ်။
ကလေးမြို့ခံတဦးက "အဓိကကတော့ တရားဥပဒေစိုးမိုးရေးလို့ အရင်ပြောရမှာပဲ။ အရင်အရပ်သားအစိုးရလက်ထက်က ဖမ်းဆီးထိန်းသိမ်းမှုတွေရှိတော့ မူးယစ်ဆေးဝါးကို အခုလို ပေါ်ပေါ်ထင်ထင်လုပ်ကြတာမရှိဘူး။ ဆေးသုံးတဲ့သူတွေလည်း နည်းပါးခဲ့တယ်။ အခုတော့ မမြင်ချင်မှ အရှင်း။ လမ်းဘေးတွေက လမ်းကြားထဲတွေမှာကို ဆေးထိုးနေကြတော့တာ" လို့ ပြောပါတယ်။
စစ်ကောင်စီက ကလေးမြို့တွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေကိုသာ ပစ်မှတ်ထားဖမ်းဆီးနေတာလို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ခံတဦးက "တချို့ရောင်းတဲ့သူတွေနဲ့က စစ်တပ်က အပေးအယူလုပ်တာတွေရှိတယ်တောင် ကြားမိတယ်။ သူတို့ကို လာဘ်ထိုးထားလိုက်တာပေါ့ဗျာ။ အဲ့ဒီမူးယစ်ဆေးရောင်းတဲ့သူတွေကိုတော့ သူတို့က မဖမ်းတော့ဘူး" လို့ ပြောပါတယ်။
ကလေး PDF နဲ့ ကလေးပြည်သူ့ရဲတပ်ဖွဲ့ကတော့ ကလေးမြို့နယ်ဘက် ကျေးရွာတွေက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို စစ်ဆေးဖမ်းဆီးအရေးယူထောင်ချတာတွေ လုပ်ဆောင်နေပါတယ်။
ကလေးပြည်သူ့ရဲတပ်ဖွဲ့တာဝန်ခံက "ကျနော်တို့မြို့ပေါ်ကိုတော့ ထဲထဲဝင်ဝင်မဖမ်းဆီးနိုင်ဘူး။ နယ်ဘက်က ရွာတွေကိုတော့ တိတိပပ ဖမ်းဆီးအရေးယူ တရားရုံးကိုတင်ပို့ပြီး ထောင်ဒဏ်ချမှတ်တာတွေတော့ရှိတယ်" လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူ ပေါများလာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးအရ ကလေးမြို့မှာ မီးကြိုးတွေဖြတ်ခိုးတာ၊ ဆိုင်ကယ်ပျောက်မှုတွေ မကြာခဏဖြစ်နေပြီး ခိုးသူအများစုဟာ ဆေးသမား(မူးယစ်ဆေးဝါးသုံးစွဲသူ) တွေဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့သူတွေက ပြောပါတယ်။
ဆိုင်ကယ်ခိုးခံရတဲ့ မြို့သာရပ်ကွက်က ဒေသခံတဦးက "ည ၂ နာရီကျော်လောက် အိမ်ထဲဝင်ခိုးတာ။ အိမ်က အိမ်သားတွေက အိပ်မောကျနေချိန် ကျမကရုတ်တရက်အသံကြားလို့လန့်နိုးတာ။ ကျမလည်း သိတာနဲ့ အိမ်နားနီးတွေကြားအောင် "သူခိုး သူခိုး" ဆိုပြီး အော်လိုက်တာ။ အိမ်နားနီးတွေက ဝိုင်းထပြီးလိုက်ကြတော့ ဆိုင်ကယ်ကိုထားပြီး ၃ ယောက် သားပြေးသွားကြတယ်" လို့ ပြောပါတယ်။
အခုလို မူးယစ်ဆေးသုံးစွဲသူတွေ များလာတာကြောင့် ခိုးမှုတွေ၊ လုယက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။