DVB Logo
Home
Lead Story
စစ်ပွဲကနေ အသက်မသေဘဲ လွတ်မြောက်လာသည့် ဆူဒန် ဂီတပညာရှင်များ
DVB
·
October 24, 2023
စစ်ပွဲကနေ အသက်မသေဘဲ လွတ်မြောက်လာသည့် ဆူဒန် ဂီတပညာရှင်များ
Donate to DVB

စစ်ပွဲနှစ်ပွဲကနေ အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဂီတပညာရှင်တွေဟာ ဆူဒန်လူမျိုးတွေ အတွက် မျှော်လင့်ချက် သတင်းစကားပါးကြပါတယ်။

သူတို့ကိုယ်သူတို့ ဗိုလ်ချုပ်ကြီးကေဒီနဲ့ ဆေးခြောက်စိုက်သမားလို့ နာမည်ပြောင် ပေးထားကြတဲ့ ဆူဒန်အနုပညာရှင်နှစ်ဦးဟာ ဆူဒန်နိုင်ငံတောင်ပိုင်း ကော်ဒိုဖန်ဒေသတွင်း ပဋိပက္ခတွေကြားမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီးမှ ၂၀၁၉ ခုနှစ်မှာ ဆူဒန်အာဏာရှင် အိုမာအယ်လ်ဘာရှား ကျဆုံးပြီးတဲ့နောက် သူတို့ရဲ့ တေးဂီတကို ပျံ့နှံ့စေဖို့ မျှော်လင့်ချက်နဲ့ ခါတွန်မြို့တော်ကို သွားရောက်ခဲ့ပါတယ်။

လေးနှစ်ကြာပြီးတဲ့နောက်မှာ နူဘာတောင်တန်းရဲ့ တေးသံတီးဝိုင်း တည်ထောင်သူ နှစ်ယောက်ဟာ စစ်ပွဲနဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာတွေကို နောက်ထပ် တွေ့ကြုံရပြန်ပါတယ်။ စစ်ဖြစ်နေတဲ့ မြို့တော်ခါတွန်ကနေ အရှေ့ဘက်က ဆူဒန်ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပင်လယ်နီမြို့ကို တခါထပ်ပြီး ရွှေ့ပြောင်းရပြန်ပါတယ်။

တောင်ဆူဒန်ဒေသရိုးရာ တေးဂီတကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၄ ခုနှစ်မှာ သူတို့တီးဝိုင်းကို စတင်တည်ထောင်ခဲ့တာပါ။

နူဘာတောင်တန်းတေးသံတီးဝိုင်း အဖွဲ့ဝင် ကေဒီက “တောင်ပိုင်းကော်ဒိုဖန်ဒေသ စစ်ပွဲတွေအပြီးမှာ ကျနော်တို့ နူဘာတောင်တန်းရဲ့ တေးသံတီးဝိုင်းထောင်ဖို့အကြံ စပြီး ရပါတယ်။ နူဘာတောင်တန်းမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ထုတ်ဖော်ပြသဖို့ ကြားခံအဖြစ်နဲ့ ဂီတကို အသုံးချဖို့ ကြိုးစားကြည့်တာပါ။ နူဘာတောင်တန်းပေါ်က လူတွေရဲ့ အသံကို ဆူဒန်နိုင်ငံရဲ့ တခြားနေရာကလူတွေ ကြားသိစေဖို့ တေးဂီတနဲ့ ပုံဖော် ဖြန့်ဝေပေးချင်ပါတယ်။ အရင်အာဏာရှင် သမ္မတ အိုမာအယ်လ်ဘာရှား ကျရှုံးပြီးတဲ့နောက်မှာ မြိုတော်ခါတွန်ကိုသွားပြီး တော်လှန်နေတဲ့ လူငယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

သူတို့နှစ်ဦး ခါတွန်ကို ထွက်သွားတဲ့အချိန်မှာ တီးဝိုင်းအဖွဲ့ဝင် နောက်တဦးက ဇာတိဖြစ်တဲ့ တောင်ကိုဒိုဖန်မြို့မှာ ကျန်နေခဲ့ပါတယ်။ အသက်မွေးဝမ်းကျောင်းဖို့အတွက် ဆောက်လုပ်ရေး လုပ်သားတွေအနေနဲ့ အလုပ်လုပ်ခဲ့ရတဲ့ ဂီတသမားနှစ်ဦးက သူတို့ဖန်တီးထားတဲ့ တေးဂီတအတွက် မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။

ခါတွန်က ထွက်ပြေးလာတဲ့ ဂီတမှူး၊ ဂီတဆရာ အယ်လ်စာဖီမက်ဒီက  “ကေဒီတို့နှစ်ဦး ခုလိုလုပ်နိုင်တာက တောင်ကိုဒိုဖန်မှာ ဖြစ်ခဲ့တဲ့ စစ်ရဲ့ အနိဋ္ဌာရုံတွေကို သူတို့ကိုယ်တိုင် ကြုံခဲ့ရလို့ပါ။ အနုပညာဖြန့်ကျက်ခြင်း၊ သီချင်းဆိုခြင်း၊ တေးဂီတနဲ့ တခြားအနုပညာပုံစံ အားလုံးကို ထုတ်ဖော်ပြသတာကလွဲပြီး ပိုမိုကောင်းမွန်တဲ့အရာ မရှိတာကို သူတို့ ကောင်းကောင်းသိပါတယ်။ ဒါက တကယ်ကိုကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ဖန်တီးပေးနိုင်တာပါ။ ဆူဒန်မြို့ကြီးအားလုံးမှာရှိတဲ့ အနုပညာရှင်အားလုံးက အနုပညာ အသံမြှင့်တင်ဖို့ သူတို့လိုသာ ကြိုးပမ်းခဲ့မယ်ဆိုရင် အမုန်းတရားတွေ၊ သေနတ်သံတွေနဲ့ နိုင်ငံရေးသမားတွေကြောင့် ဖြစ်နေရတဲ့ တင်းမာမှုတွေ လျော့ကျသွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။

စစ်ပွဲကနေ ထွက်ပြေးလာတဲ့ ထောင်ပေါင်းများစွာသော ဆူဒန်နိုင်ငံသားတွေကြောင့် ဝန်ပိနေတဲ့ ဆူဒန်ဆိပ်ကမ်းမြို့က အားပေးနေတဲ့ ပရိသတ်ရှေ့မှာ သူတို့ရေးစပ်ထားတဲ့ ရိုးရာသီချင်း၊ ရက်ပ်တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြပါတယ်။

နူဘာတောင်တန်း တေးသံတီးဝိုင်း အဖွဲ့ဝင်တဦးက “လူငယ်လူရွယ်တွေက ကျနော်တို့ အရှေ့အာဖရိက ရိုးရာ ရက်ပ်ဂီတကို နှစ်သက်ကြပါတယ်။ တေးဂီတက လူတွေကို သတင်းစကားပါးနိုင်ပြီး စုစည်းပေးပါတယ်။ ဝမ်းနည်းအားငယ်နေတဲ့အချိန်မှာ တေးသီချင်း နားထောင်လိုက်ရင် စိတ်ထဲရှိတဲ့ ခံစားချက်ပြောင်းသွားပါတယ်။ ဆူဒန်တေးသီချင်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ တကယ်လှပပါတယ်” လို့ ပြောပါတယ်။

ဆူဒန်နိုင်ငံသားတွေကို ရိုးရာဂီတနဲ့ အကသင်ကြားပေးနေတဲ့ အနုပညာသင်တန်းတွေမှာလည်း သူတို့နှစ်ဦး ပါဝင်ကူညီပေးနေပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ ကေဒီက သူ့ဂီတဟာ ဆူဒန်ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုကို ပြသဖို့ လမ်းကြောင်းတခုပဲလို့ ဆိုပါတယ်။

“တနေ့နေ့ တချိန်ချိန်မှာတော့ ကျနော်တို့ တီးဝိုင်းအဖွဲ့သားတွေ ဆူဒန်အနှံ့ ခရီးထွက်ပြီး အချစ်၊ စည်းလုံးညီညွတ်မှုနဲ့ မတူကွဲပြားတဲ့ ရိုးရာအစဉ်အလာတွေကြားမှာ အတူတကွ ပေါင်းစည်းနေထိုင်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကို တေးသီချင်းတွေနဲ့ ဖျော်ဖြေ တီးခတ်သွားမှာပါ။ ဆူဒန်ဟာ စစ်ချည်းပဲဖြစ်နေတဲ့ နိုင်ငံတခု မဟုတ်ဘူး။ ဆူဒန်မှာ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ တေးဂီတတွေရှိတယ်။ ဆူဒန်ဆိုတာ ဒီလိုဆိုတာ ကမ္ဘာကို ပြချင်တယ်။ သိနားလည်စေချင်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးမရှိရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး။ ကျနော်တို့တတွေဟာ အမှန်တကယ် ဘယ်သူတွေလဲ ဆိုတာကို ကမ္ဘာကြီးကိုပြနိုင်ဖို့ ငြိမ်းချမ်းရေးလိုပါတယ်။”

စစ်ဖြစ်နေပေမဲ့လည်း အသက် ၃၇ နှစ်အရွယ် ဆေးခြောက်စိုက်ပျိုးရေးသမားကတော့ အခွင့်အလမ်းတွေ ရှိနိုင်တာကို မြင်နေရပါသေးတယ်လို့ ပြောပါတယ်။

“ဒီစစ်ပွဲက လူတွေအများကြီးနဲ့ ကျနော်တို့ကို မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီအထဲမှာ ကျနော်တို့နဲ့ မျိုးနွယ်စုမတူတဲ့သူတွေ အများကြီးပါပါတယ်။ ဆူဒန်နိုင်ငံသား တော်တော်များများနဲ့ သိခွင့်ရခဲ့တာပါ။ စစ်ကြီးသာ မဖြစ်ခဲ့ဘူးဆိုရင် ဒီလို လူတွေအများကြီးနဲ့ ထိတွေ့နိုင်မှာ မဟုတ်ပါဘူး။ ပရိသတ်တွေက ကျနော်တို့ သီချင်းတွေကို နားထောင်ကြတယ်။ တေးသီချင်းတွေက သူတို့စိတ်ကို ကြည်နူးစေပါတယ်။ တကယ်ကောင်းပါတယ်။ အများကြီး အကျိုးရှိပါတယ်။”

ဆူဒန်စစ်တပ်နဲ့ အရန်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့- အာအက်စ်အက်ဖ်တို့ကြား  ဧပြီလ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ဆူဒန်နိုင်ငံရဲ့ လူဦးရေ ၄၉ သန်းကျော်ရှိတဲ့အထဲက ၅,၂၀၅,၀၀၀ ကျော်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

လူတသန်းကျော်က အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပြီး လူ ၄,၁၀၀,၀၀၀ ကျော်က နိုင်ငံထဲမှာပဲ ဘေးလွတ်ရာ နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013