
ပဲခူးမြို့နယ်မှာ တောင်သူတွေ စပါးရိတ်သိမ်းနေစဉ် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စပါးဧကပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ စပါးစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။
ပဲခူးမြို့မှာ အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ တက်တာကြောင့် စပါးဧက ၁ သိန်းကျော် ရေနစ်မြုပ်ခဲ့ပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ရာသီဥတု ပုံမှန်ပြန်ဖြစ်လာတာကြောင့် ရိတ်သိမ်းမှုတွေ လုပ်ဆောင်နေကြတာပါ။
စပါးရိတ်သိမ်းမှုတွေလုပ်နေရင်း အောက်တိုဘာ ၂၂ ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စပါးဧက ၁၀၀၀၀ နီးပါး လုံးဝပျက်စီးသွားခဲ့တယ်လို့ စိုက်တောင်သူတဦးက ပြောပါတယ်။
“ကျနော်တို့တောင်သူတွေ ခန့်မှန်းမှုအရတော့ ပဲခူးတမြို့လုံး အတိုင်းအတာ ဧက ၁၀,၀၀၀ နီးပါးလောက် ရှိတယ်။ စိုက်ပျိုးရေးဌာနက သူတို့က တမြို့လုံး စပါးပင်တွေမြုပ်တဲ့ ရေဘေးတောင် စာရင်းသေချာမကောက်ဘဲ ရမ်းတုတ်နေတာ။ အခုလည်း ဆင်းလာတာမရှိသလို လာလည်းမကြည့်ပါဘူး။ ပထမရေဘေးက စပါးတပင်လုံး အကုန်မြုပ်တော့ ပျက်စီးမှုတော့ရှိတယ်၊ နည်းတယ်။ အခုက ရိတ်နေရင်းနဲ့ မိုးရွာသွားတော့ မြေကြီးမှာ သွားကပ်ကုန်တယ်။”
မြေကြီးမှာကပ်နေတဲ့ စပါးပင်တွေဟာ ရိတ်သိမ်းစက်နဲ့ ရိတ်လို့မရတော့ လူအားနဲ့ရိတ်ဖို့ ကြိုးစားခဲ့ပေမဲ့ လုပ်သားစရိတ်ကြီးတာကြောင့် မရိတ်သိမ်းတော့ဘဲ ပျက်စီးခံလိုက်တော့တယ်လို့ သူက ဆက်ပြောပါတယ်။
ပဲခူးမြို့ရှိ လယ်သမားအများစုဟာ လုပ်သားစရိတ်ကြီးတာကြောင့် စပါးပင်တွေကို မြေဩဇာအတွက် ပြန်ဖျက်ဆီးနေရတယ်လို့ ပဲခူးမြို့ရှိ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
“အလုပ်သမားခက အရင်က တယောက်ကို ၇,၀၀၀ လောက်ပဲ ပေးရတာ။ အခုက အလုပ်သမားတယောက်ကို လုပ်အားခ ၁၃,၀၀၀ လောက် ပေါက်နေပြီ။ ရိတ်ရင် တဧကကို အများဆုံး ၁၅ တင်းလောက်ပဲရမှာ။ စက်နဲ့ရိတ်လို့မရလို့ လက်နဲ့ ရိတ်ဖို့ကလည်း အလုပ်သမားဖိုးတောင် ပြန်မရလို့ ပဲစိုက်ဖို့ မြေဩဇာရအောင် ဖျက်ဆီးလိုက်တာပါ။”
ဧရာဝတီတိုင်းရှိ စပါးစိုက်တောင်သူတွေလည်း လုပ်သားခဈေးကြီးတာကြောင့် မြေဩဇာအတွက် ကိုယ်စိုက်ပျိုးခဲ့တဲ့ စပါးတွေကို ပြန်ဖျက်ဆီးနေရပါတယ်။
အောက်တိုဘာ ၈ ရက်က ပဲခူးမြို့ ရေကြီးမှုမှာ ရေနစ်မြုပ်ခဲ့တဲ့ စပါးခင်းဧက ၈၀,၀၀၀ ကျော်ရှိပြီး ၄,၀၀၀ ကျော်သာ ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်အခြေအနေအရ စပါးခင်း ဧက ၁၀၀,၀၀၀ ကျော် ရေနစ်မြုပ်ပြီး ၃၀,၀၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။










