
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ရွာသားတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ အောက်တိုဘာ ၂၁ ရက်က ဝပါကျေးရွာကို မီးရှို့ခဲ့ပြီး အုန်းတင်ရွာမှာ ညအိပ်တပ်စွဲသွားခဲ့သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဝပါရွာကို မီးရှို့ပြီး ကျနော်တို့ ဒီပဲယင်းအနောက်ခြမ်းကို ထပ်ပြီး စစ်ကြောင်းထိုးနေတာဗျ။ သူတို့စစ်ကြောင်းက ဒီပဲယင်းမြို့ကနေ ဝပါရွာဘက် ထွက်လာတယ်။ ဒီနေ့ အုန်းတင်ရွာကနေ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ စစ်ကြောင်းထိုးနေတယ်ဗျ။ သူတို့စစ်ကြောင်း ဦးတည်နေတဲ့ ရွာတွေကတော့ အကုန်ထွက်ပြေးနေကြရတယ်။”
စစ်ကောင်စီတပ်က မီးရှို့တာကြောင့် ဝပါရွာမှာ စပါးတိုက် ၄ လုံး၊ စပါးတင်းရေ ၈၀၀ နဲ့ မြေဆီအိတ် ၁၅ လုံး အပါအဝင် နေအိမ် ၇ လုံး ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီရွာက နေအိမ်တံခါးတွေမှာ ဘီလူးစစ်ကြောင်းဆိုတာရယ်၊ ဟ ဟ ပဲရမယ်ဆိုတဲ့ စာသားတွေကို စစ်ကောင်စီစစ်ကြောင်းက မြေဖြူနဲ့ ရေးသွားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တုန်းကလည်း အခုလို ဝပါကျေးရွာကို မီးရှို့တာကြောင့် နေအိမ် ၆၇ လုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဝပါရွာ၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ဘုတ်၊ ထောင်တန်း၊ သရက်ပင်၊ မန်းကျည်းစောက်၊ ကြည်၊ ဘုရားထွက်၊ အင်ပင်ကြီး၊ ကျွန်းတော၊ သိမ်ဘာ၊ ပန်းပု စတဲ့ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။