
ဟေတီနိုင်ငံမြို့တော် ပေါ်တိုပရင့်စ် အနီးမှာရှိတဲ့ ကန်းစ်ကော့ဖ်မြို့မှာ ဂိုဏ်းစတားတွေ စီးနင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၃၀ သေဆုံးသွားခဲ့တယ်လို့ ကန်းစ်ကော့ဖ်မြို့တော်ဝန် ဂျန်း မာစီယွန်းက ဩဂုတ် ၂၄ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒေသစံတော်ချိန် ည ၁၀ နာရီခွဲလောက်မှာ စတင်ခဲ့တဲ့ ညတွင်းချင်း စီးနင်းတိုက်ခိုက်မှုအတွင်း လူအယောက် ၃၀ ကနေ ၄၀ အထိ သေဆုံးပြီး ၁၅ ယောက်ကနေ ၂၀ အထိ ဒဏ်ရာရခဲ့တယ်လို့ ဟေတီ လူ့အခွင့်အရေးအဖွဲ့ RNDDH က ခန့်မှန်းပေမဲ့ နောက်ဆုံး သေဆုံးဒဏ်ရာရ စာရင်းကို အတိအကျသိဖို့ ခက်ခဲနေသေးတယ်လို့ သတိပေးထားပါတယ်။
ဟေတီ ဝန်ကြီးချုပ်ရုံးကတော့ ဒီ “ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု” ကို တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အားလုံးကို အမြင့်ဆုံး သတိပေးချက် ထုတ်ထားသလို အင်အားဖြည့်တင်းမှုတွေလည်း ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ဟေတီ အမျိုးသားရဲတပ်ဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းပြန်တာ မရှိသေးပါဘူး။
ပေါ်တိုပရင့်စ်မြို့ကို စီးမိုးမြင်တွေ့ရတဲ့ တောင်ကုန်းပေါ်က ကန်းစ်ကော့ဖ်မြို့ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဂိုဏ်းစတားတွေရဲ့ မကြာခဏ တိုက်ခိုက်တာကို ခံခဲ့ရတာပါ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ ရှိနေတာကြောင့် ဒေသခံ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အစီရင်ခံပါတယ်။
သွေးစွန်းနေတဲ့ အဝတ်ဖြူတွေ လွှမ်းခြုံထားတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လမ်းပေါ်မှာ ကြည့်ပြီး ဆွေမျိုးတွေ ငိုကြွေးပူဆွေးနေကြစဉ် ကန်းစကော့ဖ် ဒေသခံတွေကတော့ သူတို့ကို အစိုးရက စွန့်ပစ်ထားတယ်လို့ ခံစားရကြောင်း ရိုက်တာကို ပြောပါတယ်။
“ကန်းစ်ကော့ဖ်မြို့က လူတွေ ဒုက္ခရောက်နေရတာ အစိုးရမှာ တာဝန်ရှိတယ်။ ဂိုဏ်းစတားတွေက လူတိုင်းကို ဒုက္ခပေးနေတာ အစိုးရ သိပါတယ်။ လူတွေ ပြည်သူတွေ အစော်ကားခံနေရတာ၊ ဒုက္ခခံနေရတာတွေကို အစိုးရက ဘာဆိုဘာမှ လုပ်မပေးဘူး။”
ဝန်ကြီးချုပ်အနေနဲ့ ကန်းစ်ကော့ဖ်မြို့က ပြည်သူတွေအတွက် အခုပဲ အကူအညီတွေ ကြေညာပေးဖို့ မျှော်လင့်နေပါတယ်လို့ ပြောပါတယ်။
Source: Reuters











