DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ၊ ပခုက္ကူ၊ ရွာငံနှင့် နွားထိုးကြီးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား  
DVB
·
October 23, 2023
ဂန့်ဂေါ၊ ပခုက္ကူ၊ ရွာငံနှင့် နွားထိုးကြီးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား  
1 / 4
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်နေ့က ကန်နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့  ဂန့်ဂေါခရိုင်တပ်ရင်း(၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကန်ရဲစခန်းကို မနေ့မနက် ၆ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီး ၁၉ လုံး ကြဲချ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေကလည်း ကန်နယ်မြေရဲစခန်းထဲက ၆၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီရဲစခန်းကို မွန်းလွဲ ၁ နာရီလောက်မှာလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၇ လုံးကြဲချကာ ထပ်မံတိုက်ခိုက်ခဲ့ ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကန်နယ်မြေစခန်းထဲက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှု အတိကျမသိရပေမဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁ ဒရုန်းတပ်ဖွဲ့၊ တပ်ရင်း ၇ ဒရုန်းတပ်ဖွဲ့ နဲ့ Hyper UAV Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာလည်း အောက်တိုဘာ ၂၂ ရက် မနက်က စစ်ကောင်စီယာဥ်တန်းရဲ့ ကြိုပွိုင့်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖကနေ သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာကား ၁၃ စီးရဲ့ အရှေ့က ကြိုပွိုင့်ကား ၃ စီးကို ကန်တော်ကျေးရွာနားမှာ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး မိုင်းပွိုင့် ၅ လုံးပွိုင့် တတွဲ၊ ၃ လုံးပွိုင့်တတွဲ၊ မိုင်းပွိုင့် ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ပခုက္ကူ ပကဖ ပြန်ကြားရေးတာဝန်ခံအတီးက ပြောပါတယ်။

အဲဒီယာဥ်တန်းဟာ မွန်းတည့် ၁၂ နာရီလောက်မှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ညောင်ဂျစ်ပင်ရွာထဲကို ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၁)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ ပခုက္ကူပကဖ တပ်ခွဲ ၃-PSTF၊ KUG-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှာလည်း  ဘော်ရေဦးနဲ့ သိမ်ကုန်းကျေးရွာလမ်းကြားပိုင်းမှာ တောင်ကြီးခရိုင်ရဲမှူး လိုက်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံး၊ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ DPLF က ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲမှာပါဝင်တဲ့ ရဲဘော်တဦးက “သေဆုံးတာက တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ရုံးက ရဲတပ်ကြပ်မျိုးမင်းသူ  ပွဲချင်းပြီးသေတာ။  တပင်​ပျော်ရွာ ကွမ်းသီးခြံကနေ ရဲစခန်းကို ပြန်လာတဲ့ ယာဥ်တန်း၊ မိုင်းက သုံးလုံးဆွဲခဲ့တယ်၊ စစ်ကောင်စီကားက စုစုပေါင်း ၆ စီးပါ” လို့ ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက ''မနက်ပိုင်းက စစ်ဖြစ်နေလို့ လမ်းတွေပိတ်ထားတယ်။ စစ်သားတွေက သူတို့တိုက်ခံရပြီး မကြာပါဘူး၊ ကားငါးစီးထပ်ရောက်လာတယ်၊ ဒဏ်ရာရစစ်သားတွေကိုလည်း လူမှုကူညီရေးကားနှစ်စီးနဲ့ တင်သွားသေးတယ်'' လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲပြီးနောက် ကျေးရွာအနီးဝန်းကျင်ရွာတွေက ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက အနိုင်ကျင့်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ 

ဓနုဒေသအတွင်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရှိတဲ့နေရာအနီးတွေကို ရှောင်ရားသွားလာကြဖို့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦးက အသိပေးသတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း နွားထိုးကြီးမြို့အနီး နွားထိုးကြီး-မြင်းခြံကားလမ်းပေါ်မှာ အောက်တိုဘာ ၂၁ ရက် မနက် ၈ နာရီလောက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေသိရပါတယ်။

မော်တော်ယာဥ်တွေ ကားမှန်ချပြီးမောင်းနှင်ဖို့နဲ့ စစ်တပ်ထုတ်ကုန်တွေ တင်ဆောင်ခြင်းရှိမရှိ စစ်ဆေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်က  လာရောက်တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာလို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက  ပြောပါတယ်။

“အဲဒီစစ်ကောင်စီတပ်သားတွေကို ကျနော်တို့ဘက်က စနိုက်ပါတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့လို့ မိနစ် ၂၀ လောက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။” 

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက်၊ ရဲတယောက် သေဆုံးပြီး ၉ ယောက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က မြင်းခြံခရိုင်တပ်ရင်း ၄-NPDF က ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် NPDF တပ်ရင်း (၁၊ ၃၊ ၄)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ နွားထိုးကြီးမြို့နယ် ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ မန္တလေးခရိုင်တပ်ရင်း (၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013