
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ရွာသား ၂၀ လောက်ကို ဖမ်းဆီးသွားပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၅ ရက်ကစပြီး ဇူလိုင် ၃၀ ရက်အထိ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး တွေ့တဲ့ရွာသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရွာသားတွေကို စစ်ဆေးရာမှာ ရိုက်နှက်မှုတွေရှိခဲ့ပြီး တချို့မှာ ဒဏ်ရာ ပြင်းထန် တဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ငှက်ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်က ရွာထဲဝင်လာပြီး တွေ့တဲ့ သူတွေကို ဖမ်းသွားတာပါ။ အခု ရွာထဲမှာ လူတွေ မနေရဲတော့ဘူး။ အများစုက လုံခြုံတဲ့ နေရာတွေ ကို ရှောင်နေကြရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး တချို့အမျိုးသမီးတွေကို စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကျောက်ငှက်ကျေးရွာနဲ့ အနီးရှိ ဆင်ဆာပြားကျေးရွာဘက်မှာ စစ်တပ်က အင်အားနဲ့ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးမှုတွေနဲ့ လုံခြုံရေးအခြေအနေကြောင့် ကျောက်ငှက်ကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံတွေဟာ နေအိမ်တွေမှာ ဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။










