
ဂါဇာဒေသမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဗလီတခုအနီးက ဟားမတ်စ်အဖွဲ့ရဲ့ ဒုံးကျည်ပစ်လွှတ်ရာ နေရာတွေ အပါအဝင် ပစ်မှတ်အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်မှာ အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က မတူညီတဲ့ အဆောက်အအုံတွေ ပေါက်ကွဲပျက်စီးသွားတာကို ဝေဟင်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့အတူ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ကုလသမဂ္ဂဆိုင်ရာ အဆောက်အဦတခု၊ သူငယ်တန်းကျောင်းတခု၊ ဗလီတခုနဲ့ စာသင်ကျောင်းတွေအနီးက ပစ်မှတ်နေရာတွေကို ညွှန်းဆိုပြသထားတာပါ။
ဟားမတ်စ် စစ်သွေးကြွအဖွဲ့ဟာ အရပ်သားတွေအပေါ် အမြတ်ထုတ် အသုံးချနေတဲ့ အပြင် အစ္စရေးပြည်သူတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေခဲ့တာ ဖြစ်တယ်လို့ တယ်လီဂရမ် ပို့စ်တခုမှာ IDF က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ရိုက်တာ သတင်းဌာနကတော့ အစ္စရေးစစ်တပ် ထုတ်ပြန်ထားတဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
Source/Photo-Reuters










