DVB Logo
Home
မြန်မာသတင်း
SEN YU အထည်ချုပ်စက်ရုံက အလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျော
DVB
·
October 23, 2023
SEN YU အထည်ချုပ်စက်ရုံက အလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျော
Donate to DVB

လှိုင်သာယာစက်မှုဇုန်ရှိ  SEN YU အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်က လိုက်လျောပေးလိုက်ပေမဲ့ အလုပ်သမားတွေ ထိခိုက်မှု မရှိအောင် ဆက်လက် စောင့်ကြည့်နေတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်အတွင်းက SEN YU CLOTHING MYANMAR ကုမ္ပဏီရဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ဟာ လုပ်ငန်းခွင်အတွင်း လုပ်ခလစာ လျှော့ချခံရတာကြောင့် အလုပ်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က တောင်းဆိုချက် ၁၀ ချက်ကျော် သပိတ်မှောက် တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရှင်ဘက်က အောက်တိုဘာ ၂၀ ရက်မှာ အလုပ်သမားတွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပြီး တောင်းဆိုချက်တွေကို လိုက်လျောပေးလိုက်တာ‌ကြောင့် အလုပ်သမားတွေ အောက်တိုဘာ ၂၃ ရက်မှာ အလုပ်ပြန်ဆင်းနေပြီလို့ သိရပါတယ်။

လက်ရှိ အလုပ်သမားတွေအားလုံး ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းနေပြီဖြစ်ပေမဲ့ စက်ရုံ အခြေအနေကို ဆက်လက် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) တွဲဘက်အတွင်း‌ရေးမှူး မအိက “လက်ရှိ တောင်းဆိုမှုကတော့ အလုပ်သမားတွေအနေနဲ့ အဆင်ပြေသွားပြီ။ အဖွဲ့ချုပ်အနေနဲ့က ဘာကို စောင့်ကြည့်နေလဲဆိုတော့ ဒီအလုပ်သမားတွေကို အငြိုးအတေး ထားမှာလား။ ဒီအလုပ်သမားတွေကို အလုပ်ဖြုတ်ဖို့ ကြံစည်နေလား ဘာတွေ ခြိမ်းခြောက်မှုတွေ ထပ်ရှိနေလဲ ဒါတွေကို ကျမတို့ စောင့်ကြည့်နေတယ်။ တဖက်မှာလည်း လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတွေကို တာဝန် မယူတဲ့အတွက် ဒီစက်ရုံက နောက်ထပ် ဒီလိုမျိုးတွေ ထပ်လုပ်လာရင် ဒီစက်ရုံနဲ့ ချုပ်နေတဲ့ BRAND တွေကို ဆက်သွယ်တာမျိုးတွေ လုပ်ဖို့ ရှိပါတယ်။ ကျမ အနေနဲ့ ဖြည့်စွက် ပြောချင်တာက လုပ်ငန်းခွင်အတွင်းမှာ ဖိနှိပ်မှုများနေတယ်ဆိုရင် ဒီအတိုင်း ငြိမ်မနေဘဲ နီးစပ်ရာ အဖွဲ့ချုပ်တွေကို ဆက်သွယ်တာမျိုး အလုပ်သမားအချင်းချင်း ပြောဆိုပြီး ဖော်ထုတ်တာမျိုး တောင်းဆိုတာမျိုးတွေ လုပ်စေချင်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

SEN YU အထည်ချုပ်စက်ရုံမှာ မန်နေဂျာနဲ့ တာဝန်ရှိသူတွေက အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေး (ဂရိတ်ကြေး) ကို မပေးတော့ဘဲ အထည်အရေအတွက်အလိုက် (တစ်ကဒ်ကြေး) နဲ့သာ ပြောင်းလဲပေးမယ် ကြေညာခဲ့တာကြောင့် အလုပ်သမားတွေကြား သပိတ်မှောက် တောင်းဆိုမှု ဖြစ်ပွားခဲ့တာပါ။

အလုပ်သမား အယောက် ၁၀၀၀ ကျော်ဟာ ဂရိတ်ကြေး A B C အဆင့်အလိုက် ကျပ် တသောင်းစီ တိုးပေးဖို့၊ ဥပဒေအရ ခွင့်ယူရင် ဂရိတ်မချဖို့၊ ရက်မှန်ကြေး တသောင်းတိုးပေးဖို့နဲ့ ဥပဒေပါ ခွင့်ယူရင် ရက်မှန်ကြေး မဖြတ်တောက်ဖို့ အပါအဝင် စုစုပေါင်း အချက် ၁၀ ချက်ကျော် တောင်းဆိုခဲ့ကြတာပါ။

SEN YU စက်ရုံ အလုပ်သမားသပိတ် ပြေလည်သွားပေမယ့် ဦးဆောင် တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ခေါင်းဆောင် တချို့ စိုးရိမ်မှုတွေတော့ ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီပေးသူ တယောက်က ပြောပါတယ်။

အလုပ်သမားအရေး ကူညီပေးသူက “သပိတ်အောင်မြင်သွားတဲ့အတွက် အလုပ်သမားတွေ ပျော်တာပေါ့။ အခုလက်ရှိ လုပ်ငန်းခွင်အခြေအနေက လုပ်ငန်းခွင်ထဲမှာ အရင်ကထက်တော့ ပြောင်းလဲသွားတယ်။ လုပ်ငန်းခွင်ထဲမှာ စူပါလီဒါတွေ လောလောဆယ် ဆဲဆိုမှုတွေ မရှိတော့ဘူး။ သူတို့ရဲ့ ဥပဒေပါ အခွင့်အရေးတွေကို အရင်လို မဟုတ်တော့ဘဲ ရဲရဲဝံ့ဝံ့ သုံးစွဲခွင့် ရလာတယ်။ အလုပ်သမားတွေအနေနဲ့ စိုးရိမ်ပူပန်မှုကတော့ အခု လက်ရှိ ဒီသပိတ်မှာ ပါဝင် ဦးစီးဦးဆောင်လုပ်ခဲ့တဲ့ အလုပ်သမားတွေဆိုရင် သူတို့ အနေနဲ့ နာမည်ထွက်တဲ့ အလုပ်သမားတွေ စိုးရိမ်မှုတွေရှိတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး လာရောက် ဖမ်းဆီးမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် SEN YU အထည်ချုပ် စက်ရုံမှာ အလုပ်သမားဦးရေ ၁၀၀၀ နီးပါးနဲ့ ကလေးလုပ်သား ၁၀၀ လောက် ပါဝင်လုပ်ကိုင်နေပြီး လုပ်ငန်းခွင်အတွင်း မကြာခဏ ထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လုပ်ငန်းခွင်အတွင်း ထိခိုက်မှုတွေမှာ လူမှုဖူလုံရေးက ဆေးခန်းခွင့်ပေးပေမယ့် စက်ရုံဘက်က အလုပ်သမားတွေကို ဆေးကုသပေးတာ မရှိဘဲ လုပ်ခလစာတွေပါ အတင်းအဓမ္မ ဖြတ်တောက်တာတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဆီက သိရပါတယ်။

လတ်တလောမှာတော့ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို အငြှိုးအတေး မထားဖို့ဆိုတဲ့ အချက်ကို လိုက်နာခြင်း ရှိ၊ မရှိ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ဆက်လက် စောင့်ကြည့်နေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု များစွာ ကြုံနေရပြီး သမဂ္ဂအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်မရတာကြောင့် အလုပ်သမားအရေး ကူညီပေးနိုင်မှု အကန့်အသတ် ရှိနေတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ စစ်ကောင်စီဟာ အလုပ်သမားအရေး ဆောင်ရွက်သူ ရာနဲ့ချီ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013