DVB Logo
Home
မြန်မာသတင်း
အရာတော်တွင် ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ သတင်းပေါက်ကြားသဖြင့် စခန်းမသိမ်းနိုင်
DVB
·
October 23, 2023
အရာတော်တွင် ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ သတင်းပေါက်ကြားသဖြင့် စခန်းမသိမ်းနိုင်
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးရွာကို ဒေသတွင်း မြေပြင် PDF ပူးပေါင်းအဖွဲ့တွေနဲ့ ဒရုန်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၁ ရက် ညပိုင်းက ဝင်ရောက် စခန်းသိမ်းဖို့  ကြိုးစားခဲ့ပါတယ်။

PDF တွေ ဝင်တိုက်မယ့်သတင်း ပေါက်ကြားခဲ့တာကြောင့် သလဲဘာရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေက စောင့်ကြိုပစ်ခတ်တာကို ခံခဲ့ရပြီး မျှော်မှန်းထားသလို စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးမှုတွေရှိခဲ့ပေမဲ့ အတိအကျ အတည်မပြုနိုင်သေးဘဲ PDF တွေဘက်က ရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။

ဝက်လက် PDF ခေါင်းဆောင် ဗိုလ်ကျားကြီးက “လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်ကတည်းက စီမံဆွဲထားတာဆိုတာ့ တိုးတိုးတိတ်တိတ်ရယ်လို့ အောက်မေ့တော့ ပျူရွာကြီးကကြီးတော့ သတင်းစကားနဲ့ ပေါက်ကြားတော့ သူတို့က အပိုင်ကို ထိုင်စောင့်ပြီးတော့ ဘန်ကာတွေနဲ့ အထိုင်ကိုချပြီးတော့ တည်ကိုအပစ်ခံရတယ်။ RC တိုက်တွေပေါ်ကနေပြီးတော့ကို ကင်းပုန်းတွေချပြီးတော့ အပစ်ခံရတယ်။ စခန်းပြီးမြောက်အောင်အထိသာ မသိမ်းခဲ့တာ။ သူတို့ရဲ့ကင်းပုန်းတွေ ဆုတ်ခွာသွားအောင်ထိတော့ သိမ်းပိုက်နိုင်ခဲ့တယ်။ ကင်းပုန်း ဘန်ကာတွေလောက် သိမ်းနိုင်ခဲ့တာဆိုတော့၊ မှောင်လည်း မှောင်သွားတာပေါ့ဗျာ။ ၇ နာရီလောက် သတ်မှတ်ထားတာကို ၈ နာရီခွဲ ၉ နာရီလောက်အထိ ရောက်သွားတော့ မမြင်မကန်း ဖြစ်နေတော့ အဲ့လောက်ကြီး တအားမတိုးရဲတော့ဘူးဖြစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဆားလင်းကြီး၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ စတဲ့မြို့နယ်တွေမှာလည်း နယ်မြေထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ကြိုးစားနေပါတယ်။

ရေဦးမြို့ပေါ်က ငွေကြေးရှိသူတွေ၊ ကုန်သည်ပွဲစားတွေကို ဖမ်းဆီး ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတချို့ မြို့ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

ရေဦးမြို့ပေါ် ငွေကြေးကြွယ်ဝသူတွေ၊ ကုန်သည်ပွဲစားတွေက PDF တွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတရားစွဲ ထောင်ချတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရေဦး PDF ခေါင်းဆောင်တဦးဖြစ်တဲ့ အောင်ဘာလေက “စကစလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး ရပ်ကွက်ထဲမှာ ငွေကြေးအသင့်အတင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဈေးသည်တွေ၊ ကုန်သည်တွေ၊ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ရောင်းချတဲ့ဆိုင်တွေ၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင်တွေ ဖမ်းဆီးပြီးတော့ နှိပ်စက်တယ်။ နှိပ်စက်ပြီးတော့ ငွေတောင်းတယ်။ ရုံးတင် တရားစွဲ ထောင်ချတယ်။ အဲဒီလိုအခြေအနေ ဖြစ်လာတဲ့အခါကျတော့ ရေဦးမြို့ပေါ်မှာ ဈေးသည်၊ ကုန်သည်၊ ကိုယ်ပိုင်ကျောင်းတွေဟာ မြို့ကို စွန့်ခွာပြီးတော့ တခြားဒေသတွေကို သွားရောက်နေထိုင်ကြတဲ့အဆင့်ကို ရောက်သွားပြီ။ စကစနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေမှာ ဦးနှောက်နဲ့ နှလုံးသား မရှိတော့ဘူး။ တသွေးတသံတမိန့်နဲ့ မာရှယ်လောပဲ ရှိတော့တယ်။ ကျနော်တို့ ရေဦးမြို့နယ်မှာ တောရောမြို့ရော အလုံးစုံ ဖျက်ဆီးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ ကျန်ရှိနေတဲ့ မိသားစုတွေရဲ့ လုံခြုံရေးတွေလည်း ရှိနေလို့ အချက်အလက်က ကာယကံရှင်တွေရဲ့ ဆန္ဒရှိရင်တော့ ကျနော် ပို့ပေးပါမယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်း၊ စစ်ကိုင်း၊ မကွေးတို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ သိန်းနဲ့ချီပြီး စစ်ဘေးသင့်နေတာပါ။ ဒီအခြေအနေတွေကို နိုင်ငံတကာသိအောင် သတင်းမီဒီယာတွေကတဆင့် ပြည်သူတွေက ပြောဆို အကူအညီ တောင်းခံခဲ့ပေမဲ့ လက်ရှိအချိန်အထိ ထိရောက်တဲ့အကူအညီတွေ မရခဲ့ပါဘူး။

မင်းတပ် ပအဖ တာဝန်ရှိသူတဦးဖြစ်တဲ့ ရောမန်က “ကိုယ့်အားကိုယ်ကိုးပြီးမှ နိုင်အောင် ရုန်းကန်တိုက်ခိုက်ရမယ့်ပွဲပဲ။ ကိုယ်ထူကိုယ်ထနဲ့ ချကြရမယ်။ ကျနော်တို့က ဖောင်ဖျက်ရမယ့်နိုင်ငံ ဖြစ်ပြီ။ မထူးဇာတ်ခင်းရမယ့်နိုင်ငံ ဖြစ်ပြီ။ ဘယ်သူမှ မကူရင်လည်း ရတယ်၊ ရှိတာနဲ့ချမယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုး မွေးကြဖို့ပေါ့နော်။ အဲ့ဒီလိုမျိုးမွေးဖို့အတွက် တွန်းပို့တဲ့အခြေအနေမျိုး အကုန်လုံး ကျနော်တော့ ကောင်းတယ်လို့ မြင်တယ်။ နိုင်ငံတကာရဲ့ အကူအညီ အသိအမှတ်ပြုမှု ဆိုတာ တော်လှန်ရေးပြီးမှ ကျနော်တို့ ပြောကြမယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး ဘာအကူအညီ ညာအကူအညီဆိုတာ ရောက်မလာဘူးဆိုရင်လည်းလေ မျှော်လင့်မနေဘဲ ဖက်ဒရယ်စိတ်ဓာတ်ကို ကိုယ့်အားကိုယ်ကိုးမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မယ့် စိတ်ဓာတ်ကို လက်တွေ့ကျကျ မွေးမြူကြဖို့ကို တွန်းပို့တယ်လို့ပဲ ကျနော် မြင်ပါတယ်” လို့ ပြောပါတယ်။

Data For Myanmar အဖွဲ့ရဲ့ ဩဂုတ်လအထိ မှတ်တမ်းတွေအရ အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၇,၀၀၀ ကျော်၊ မကွေးတိုင်းမှာ အိမ်ခြေ ၁၁,၀၀၀ ကျော်၊ ချင်းပြည်နယ်မှာ အိမ်ခြေ ၁,၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံပြည်သူတွေဟာ အရေးပေါ် စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013