တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ ကိုရီးယားကျွန်းဆွယ်နားမှာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းက ပထမဆုံးအကြိမ် ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်တို့နဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်း တိုးချဲ့ဖို့ ဒီစစ်ရေးလေ့ကျင့်မှုက ရည်မှန်းထားတယ်လို့ တောင်ကိုရီးယားလေတပ်က ထုတ်ပြန် ပြောဆိုပါတယ်။
စစ်ရေးလေ့ကျင့်ရာမှာ သုံးနိုင်ငံက တိုက်လေယာဉ်တွေနဲ့အတူ အမေရိကန်ရဲ့ နျူးကလီးယားဗုံး တင်ဆောင်နိုင်တဲ့ B-52 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်လည်း ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
ဩဂုတ်လက ကျင်းပခဲ့တဲ့ ကမ့်ဒေးဗစ် ထိပ်သီးညီလာခံမှာ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်တွေဟာ နှစ်စဉ် သုံးပွင့်ဆိုင် ပူးတွဲ စစ်ရေးလေ့ကျင့်ကြဖို့နဲ့ အကျပ်အတည်းအတွင်း နိုင်ငံခေါင်းဆောင်အချင်းချင်း အရေးပေါ် တိုက်ရိုက် ဆက်သွယ်ရေးအတွက် အရေးပေါ်ဖုန်းလိုင်း ထားရှိဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့က တနင်္ဂနွေနေ့မှာ ပြောခဲ့ကြပါတယ်။
ဂူအမ်က အမေရိကန် ရေတပ်အခြေစိုက်စခန်းနားမှာ အောက်တိုဘာ ၆ ရက်ကနေ ၂၂ ရက်ကြား လေ့ကျင့်ခဲ့တဲ့ အသံတိတ်ငါးမန်းလို့ နာမည်ပေးထားတဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီလို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့က ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်ရဲ့ အမြန်တိုက်ခိုက်ရေး ရေငုပ်သင်္ဘော USS တိုပေးကာနဲ့ တောင်ကိုရီးယားရဲ့ ချုံးကျိ ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောတို့ ပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။
အမေရိကန်စစ်တပ်ဟာ ဂျပန် ကာကွယ်ရေးတပ်နဲ့အတူ အရှေ့တရုတ်ပင်လယ်အတွင်း ဒီသီတင်းပတ် အစောပိုင်းမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ အမေရိကန်ရေတပ် ပြန်ကြားရေး အင်တာနက်စာမျက်နှာက ဖော်ပြခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ USS အန်ထီးတမ် (CG-54)၊ USS ရောဘတ် စမောလ် (CG-62) နဲ့ ဖျက်သင်္ဘော USS ရှု(ပ်) (DDG-86) တို့ ပါဝင်တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS ရော်နယ်ရေဂင် (CVN-76) ရဲ့ တိုက်ခိုက်ရေးရေယာဉ်စုဟာ အပေါ့စား ဂျပန်တိုက်သင်္ဘော ဖရီးဂိတ် JS နိုရှိရိုနဲ့အတူ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
တချိန်တည်းမှာ ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ ရုရှား ဗုံးကြဲလေယာဉ်တွေလည်း ပျံသန်းခဲ့ပါတယ်။
လောလောဆယ် မြောက်ကိုရီးယားနိုင်ငံနားမှာ စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ တော်ဝင် ကနေဒါလေတပ် ပင်လယ်ပြင် ကင်းထောက်လေယာဉ်ကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့တယ်လို့ တရုတ်အစိုးရက အခိုင်အမာ ပြောခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာလည်း အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ ဆာမာဆာမာ ပင်လယ်ပြင် သင်တန်း စစ်ရေးလေ့ကျင့်မှုကို အရင်အပတ်က လေ့ကျင့်ခဲ့ကြပြီး ဒီနှစ် လေ့ကျင့်ရာမှာ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ ဩစတြေးလျ၊ မလေးရှား၊ ပြင်သစ် နိုင်ငံတွေကပါ ပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။
Source/Photo-Reuters