DVB Logo
Home
Lead Story
လွမ်းစရာကို ဖြည့်ဆည်းခြင်းနှင့် ဖြေ
DVB
·
October 23, 2023
လွမ်းစရာကို ဖြည့်ဆည်းခြင်းနှင့် ဖြေ
Donate to DVB

နွေဦးရာသီ၊ အာဇာနည်တွေ

ချစ်သူတွေတွက်၊

လွမ်းလေသမျှ၊ ဖြည့်ဆည်းကြမှ

အောင်ပွဲရတိုင်

တောင့်ခံနိုင်ကြမည်တကား။   ။

“လွမ်းစရာကို နာစရာနဲ့ ဖြေ၊ နာစရာကို လွမ်းစရာနဲ့ ဖြေ”

အားလုံး ကြားဖူးကြမှာပါ။ သိပ်လွမ်းလာတဲ့အခါ ‌ဖြေသာစေတဲ့ လမ်းညွှန်စကားလေးပါ။ တကယ်လုပ်ကြည့်တဲ့အခါ အလုပ်ဖြစ်တာလည်း တွေ့ရပါတယ်။ အရမ်းလွမ်းလာတဲ့အခါ နာစရာတွေ ပြန်တွေးရင် ဖြေသာကြပါတယ်။

ဒါပေမဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ကျမတို့ ချစ်ရတဲ့ မိသားစု ပတ်ဝန်းကျင် အသိုက်အဝန်းတွေကြား လွမ်းစရာ အဖြစ်များစွာဟာ ကျမတို့ရဲ့ စိတ်နှလုံးကို မသိမသာရော၊ သိသိသာသာပါ ဖိစီးကြတာဟာ ချစ်တတ်သူတိုင်းအတွက် ဖြစ်ပါလိမ့်မယ်။

ဟုတ်တယ်။ အရမ်းလွမ်းတာပေါ့။ တိုင်းပြည်အရေးနဲ့ ချစ်ရသူတွေကြား ရွေးစရာလမ်း မရှိကြတဲ့အခါ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးခဲ့ကြရတဲ့အခါ၊ သားစဉ်မြေးဆက် အနာဂတ်အတွက် နှလုံးသားကို ရင်းခဲ့ကြရတဲ့အခါ သိပ်ကို လွမ်းတာပေါ့လေ။ လွမ်းတတ်ရင် လွမ်းတတ်သူတွေအတွက်တော့ အရာရာဟာ လွမ်းစရာတွေချည်းပါပဲ။ ဒီတော့ သိပ်လွမ်းလာရင် ဘယ်လိုဖြေကြမလဲ။

နိုင်ငံရေးသမားတွေက နှလုံးသားသိပ်‌နုပြနေရင် အတော်ခွကျတယ် ထင်ရပါတယ်။ ဒါပေမဲ့ နှလုံးသားနုတဲ့ အနုပညာသမားတွေ၊ ခံစားတတ်သူတွေ၊ ကိုယ်ချင်းစာတတ်သူတွေ၊ လူသားဆန်သူတွေသာ နိုင်ငံ့အရေးမှာ ဝိုင်းဝန်းကြမယ်ဆိုရင် လူမဆန်သူတွေထက်တော့ ပိုကောင်းတယ်ဆိုတာ ငြင်းမရပါဘူး။ မဟုတ်ရင် လောကဟာ ငရဲနဲ့ ဘာထူးတော့မလဲလေ။

ဟုတ်ပြီ။ သိပ်လွမ်းလာတဲ့အခါ ကျမအနေနဲ့တော့ ‌ဖြည့်ဆည်းပေးချင်တာနဲ့ ဖြေပါတယ်။ ကိုယ့်ဘာသာ မေးခွန်းတွေ ထုတ်ကြည့်ကြရအောင်ပါ။ ချစ်တဲ့သူတွေ ဘာလိုအပ်နေလဲ။ ငါဘာလုပ်ပေးလို့ရမလဲ။ ချစ်တဲ့သူတွေက ဘာဖြစ်စေချင်တာလဲ။ ငါ ဘာလုပ်ပေးနိုင်လဲ။ လောကမှာ မရှိတော့တဲ့ အလေးထားရသူတွေရဲ့ ဆန္ဒက ဘာလဲ။ သူတို့မလုပ်နိုင်တော့တဲ့ ဆန္ဒတွေကို ငါ ဘာလုပ်ပေးလို့ရလဲ။ ငါ့ကို ချစ်တဲ့သူတွေက ငါ့ကို ဘယ်လိုမြင်ချင်လဲ။ ငါ ဘယ်လိုနေထိုင် ကြိုးစားမလဲ။ ဒီလို လုပ်သင့် လုပ်ထိုက်တာတွေ ကြိုးစားရင်း ‌ရှေ့ဆက်ကြရပါမယ်။

ဘယ်လိုရှေ့ဆက်ကြမလဲ။ ချစ်တဲ့သူတွေ ဘာလိုအပ်နေလဲ။ ငါ ဘာလုပ်ပေးလို့ရလဲ။ စားဖို့ရှိရဲ့လား။ နေဖို့ရော အဆင်ပြေရဲ့လား။ စိတ်ခံစားမှု အခြေအနေတွေရော အဆင်ပြေကြရဲ့လား။ ငါ ဘယ်လိုလုပ်ပေးနိုင်လဲ။ ဟုတ်တယ်။ ငါ နိုင်ရာ ကြိုးစားလုပ်ကိုင်ရှာဖွေမယ်။ ဟင်းစားတခွက်ပဲ ရရလေ။ ဆီတပုလင်းလေးပဲရရ။ ဘာဆီတွေ စားနေကြရလဲ။ စားအုန်းဆီပဲ စားနေကြရတာလား။ ပဲလွန်းဆီ သန့်သန့်လေးဆို ပိုမကောင်းဘူးလား။ ပဲမုန့်လေးများ စားချင်မလား။ ငါ တသောင်းကျပ်လောက် ပို့ပေးနိုင်မလား။ ကြီးကျယ်တာတွေ မနိုင်ပေမဲ့ သေးသေးလေးကပဲ စကြရပါမယ်။

ချစ်တဲ့သူတွေက ဘာဖြစ်ချင်နေကြတာလဲ။ ဟုတ်တယ်။ သူတို့က တိုင်းပြည်ကို တရားမျှတစေချင်တယ်။ သူတို့မလုပ်နိုင်တဲ့ သူတို့ဆန္ဒကို ငါ ဘာလုပ်ပေးနိုင်လဲ။ ရပ်တည်မှုလေးတခုက စ နိုင်ရာထမ်းကြတာပေါ့လေ။ သေးသေးလေးဆိုပေမဲ့ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်လူ့အဖွဲ့လေးအထဲမှာ ကိုယ့်ကို စောင့်ကြည့်နေသူတွေကြား စံနမူနာတခုအဖြစ်တော့ ရှိနေမှာပါပဲလေ။

လောကမှာ မရှိတော့တဲ့ ချစ်ရတဲ့သူတွေ၊ အလေးထားရသူတွေက ဘာတွေဖြစ်ချင်တာလဲ။ ငါတို့က ဘာလုပ်ပေးနိုင်မလဲ။ သူတို့ဆန္ဒ၊ သူတို့မလုပ်နိုင်ခဲ့တာတွေအတွက် ငါ ဘာဆက်လုပ်ပေးနိုင်သလဲ။ အမေးရှိက အဖြေကလည်း လက်တကမ်းမှာပါပဲ။ လောကမှာ မရှိကြတော့တဲ့သူတွေရဲ့ဆန္ဒတွေ ဖြည့်ဆည်းရင်း ကိုယ့်ရဲ့ ရှင်သန်မှုတွေဟာလည်း ပိုမို အဓိပ္ပာယ်ပြည့်စုံလာပါလိမ့်မယ်။

ငါ့ကိုချစ်တဲ့သူတွေက ငါ့ကို ဘယ်လိုမြင်ချင်လဲ။ ဒါလည်း အင်မတန်အရေးကြီးလှပါတယ်။ မတတ်သာလို့ အဝေးမှာ နေကြရတဲ့အခါ ချစ်တဲ့သူတွေက ကျန်းမာစေချင်မှာပဲ။ ငါ ကျန်းမာရေးကို ဂရုစိုက်ရမယ်။ အစားမှန်မှန်စားရမယ်။ ရေသောက်ရမယ်။ ဝမ်းမှန်မှန်သွားအောင် လုပ်ရမယ်။ ဝမ်းမချုပ်စေနဲ့။ ခေါင်းကိုက်လားဆိုတဲ့ စကားလေးတွေကို သတိရတဲ့အခါ ကျန်းမာရေးကို ဂရုစိုက်လာမိတယ်။ ချစ်ရသူတွေ စိတ်ချမ်းသာဖို့ နေကောင်းအောင်နေရမယ်။ ချစ်တဲ့သူတွေက စိတ်ချမ်း‌သာစေချင်တာ သိတယ်။ စိတ်ညစ်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ဖျောက်ရမယ်။ ဟုတ်တယ် ငါစိတ်ချမ်းသာအောင်နေရမယ်။ 

ဒီလိုနည်းတွေနဲ့ပဲ ကျမတို့ဟာ လွမ်းစရာတွေကို ဖြည့်ဆည်းခြင်းတွေနဲ့ပဲ ဖြေကြရအောင်ပါ။ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ အကျိုးရှိစွာ ရှေ့ဆက် ရှင်သန်ကြရအောင်ပါ။ ဒါဟာ ပိုဆိုးလာနေတဲ့ လောကဓံကို ကျော်နိုင်မယ့် နည်းလမ်းတွေပါပဲ။ ခုကာလဟာ အနည်းနဲ့အများ သူ့အထွာနဲ့သူတော့ ပြဲကြတာပါပဲ။ ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာပေါ့လေ။ ကျားကြီးရင်လည်း ခြေရာကြီးတာပဲလေ။ ဘာပဲဖြစ်ဖြစ် သိပ်လွမ်းလာတဲ့အခါ လွမ်းစရာကို ဖြည့်ဆည်းခြင်းနဲ့ ဖြေရင်း ပန်းတိုင်ရောက်တဲ့အထိ တောင့်ခံကြပါစို့။      ။

သန့်ကေသာ  (CDM ကျောင်းဆရာမ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013