DVB Logo
Home
မြန်မာသတင်း
အရှေ့ဒဂုံ ရေဘေးသင့်ပြည်သူများ အရေပြားယားနာရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးများ လိုအပ်
DVB
·
October 23, 2023
အရှေ့ဒဂုံ ရေဘေးသင့်ပြည်သူများ အရေပြားယားနာရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးများ လိုအပ်
Donate to DVB

ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း လူနေအိမ်တွေထဲအထိ ရေကြီးရေလျှံခဲ့တာကြောင့် ရေနဲ့ထိမိတဲ့ မြို့ခံတွေမှာ  အရေပြား ယားနာရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးတွေ လိုအပ်နေတယ်လို့ မြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေမှာ သန့်ရှင်းတဲ့ ချိုးရေ၊ သောက်ရေနဲ့ ဆပ်ပြာတွေ မရရှိတာ၊ ခြင်ကိုက်ခံရမှု များလာတာကြောင့် ရေထဲမှတဆင့် ကျောင်းသွားရတဲ့ ကျောင်းသားအရွယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ ရေဝဲ၊ သဲဝဲ၊ ခြင်ကိုက်နာနဲ့ ခရုကောင်ယားနာတွေ ဖြစ်နေကြပါတယ်။

ရေဘေးသင့်မိသားစုဝင်တဦးက “ရေကြီးတာ အိမ်ကြမ်းလောက် ရောက်လာတော့ ဆင့်လေးတွေ ထိုးပြီး နေရတာ၊ စက်ရေကန်လည်း ရှိတယ်၊ ရေတွေဝင်ပြီး ဘာမှ သုံးမရတာ၊ ယားနာဖြစ်တာက ခရုဥနီတွေကလည်း ထိတာနဲ့ ယားတယ်၊ ခြင်ကလည်း ကိုက်၊ ရေထဲဆင်းပြီး ပြန်တက်ရင် အဲ့ဒီရေနဲ့ပဲ ပြန်ဆေးရတာ၊ တအိမ်လုံး ကလေးတွေရောဖြစ်ရင် ဆေးတွေမလောက်ဘူး၊ ဝယ်သုံးရတာပဲ၊ ပရဟိတအသင်းတွေတော့ လာလှူတာရှိတယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးပူး‌ပေါင်းအသင်းတွေက ရိက္ခာအဖြစ် ထမင်းဘူးနဲ့ သောက်ရေသန့်တွေ လှူဒါန်းနေပေမဲ့ ယားနာပျောက်ဖို့ တွဲစပ်သုံးရတဲ့ အရက်ပြန်နဲ့ ယားနာလိမ်းဆေး၊ သောက်ဆေး ၁ တွဲကို ကျပ် ၂,၀၀၀ ဝန်းကျင်ရှိတာကြောင့် အိမ်ထောင်စု ၅,၀၀၀ ကျော်အတွက် လုံလောက်အောင် ဝေမျှပေးနိုင်ဖို့ အလှူငွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

မေတ္တာသင်္ဂဟအသင်းမှ ဆရာမင်းဒင်က‌ “သမိုင်းဘက်မှာတော့ တိုင်းရင်းဆေးတိုက်ရှိတယ်။ အဲ့ဒီယားနာပျောက်ဆေး သုံးကြတာ တော်တော်သက်သာတယ် ပြောတယ်။ ၁ ဘူးကို ၃၀၀ လောက်ပဲရှိတာ၊ သူတို့လည်း ဝယ်သုံးနိုင်တယ်။ အသင်းဘက်ကလည်း အများကြီး ဝယ်လှူပေးနိုင်တယ်။ ဟိုနေ့ကတော့ ဘူး ၃၅၀ လောက် လှူပေးနိုင်တယ်။ ရေမြုပ်တာများတဲ့ နေရာတွေဆို ပိုလိုအပ်တယ်။ တရုတ်ဘက်ကလာတဲ့ ဆေးတွေ၊ အရည်ဘူးတွေကျ မတော်တဆ ကလေးတွေပါးစပ်ထဲ ဝင်သွားမှာလည်း စိုးတယ်။ တိုင်းရင်းဆေးကိုပဲ တအိမ်ကို ၃ ဘူးလောက် လှူပေးနိုင်ရင် ပိုကောင်းပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်က စတင်ခဲ့တဲ့ အရှေ့ဒဂုံမြို့နယ် ရေကြီးမှုမှာ ရပ်ကွက်နဲ့ ရွာ ၁၅ ခုကျော်အထိ ရေလွှမ်းခဲ့ပေမဲ့ ရေပြန်ကျသွားတာကြောင့် အောက်တိုဘာ ၂၂ ရက်‌မှာတော့ ၁၁၈၊ ၁၁၉၊ ၁၅၅၊ ၁၅၆၊ ၁၅၇ စတဲ့ ရေလွှမ်းရပ်ကွက် အနိမ့်ပိုင်းနေရာတွေက ရေဘေးသင့်အိမ်ထောင်စု ၁,၀၀၀ ကျော် ရှိနေသေးပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါသေးတယ်။

အောက်တိုဘာလအတွင်း ရေလွှမ်းခံရတဲ့ လှည်းကူးမြို့နယ်အတွင်းက ရပ်ကွက်၊ ရွာ ၂၀ ကျော်က အိမ်ထောင်စုတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေလည်း မသန့်ရှင်းတဲ့ရေထဲ ဆင်းမိရာက ‌အရေပြား ယားနာရောဂါတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013