
ရန်ကုန်တိုင်းမှာနေထိုင်ပြီး ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် သက်တမ်းတိုးရာမှာ မြို့နယ် ၅ မြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးတွေမှာ အခွန်ကင်းရှင်းထောက်ခံစာ ယူရမှာဖြစ်တယ်လို့ အခွန်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေနဲ့ သင်္ဘောသားတွေ ပတ်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် တောင်ဒဂုံ၊ ရန်ကင်း၊ တောင်ဒဂုံ၊ အင်းစိန်နဲ့ ဒေါပုံမြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးတွေမှာ အခွန်ကင်းရှင်းထောက်ခံစာ သွားယူရမှာ ဖြစ်ပါတယ်။
အခွန်ဦးစီးဌာနနဲ့ နီးစပ်သူတဦးက “ပြောရမယ်ဆိုရင် ဦးစီးမှူးတွေကို ပိုက်ဆံတောင်းခိုင်းတာပေါ့။ ရတဲ့လစာကိုတွက်ပြီး ဘယ်လောက် အခွန်ဆောင်ရမယ်။ အဲ့ဒါမှ ထောက်ခံစာရမယ်။ အခုသတ်မှတ်ထားတဲ့မြို့တွေမှာပဲ ထောက်ခံစာယူရမှာ” လို့ ပြောပါတယ်။
အဆိုပါမြို့နယ်တွေမှာ အောက်တိုဘာလကုန်ကစလို့ အလုပ်သွားလုပ်မယ့် မြန်မာနိုင်ငံသားတွေ အတွက် ပတ်စ်ပို့ (PJ) နဲ့ သင်္ဘောသားတွေအတွက် (PS) ပတ်စ်ပို့ သက်တမ်းတိုးနိုင်မှာ ဖြစ်တယ်လို့ အခွန်ဦးစီးဌာနမှ သိရပါတယ်။
မန္တလေးတိုင်းမှာ နေထိုင်သူတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးမှာ ထောက်ခံစာယူရမှာဖြစ်ပြီး နေပြည်တော် အပါအဝင် ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာန ရုံးတွေမှာပဲ ထောက်ခံစာယူရမှာ ဖြစ်ပါတယ်။
ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို မိမိရရှိတဲ့ လစာငွေ (သို့မဟုတ်) တခြားဝင်ငွေတွေကို ဘဏ်လမ်းကြောင်းကတဆင့် မြန်မာနိုင်ငံကို ပြန်လွှဲပါက EV ကားနဲ့ ဆိုင်ကယ် တင်သွင်းခွင့်ပေးမယ်လို့ အောက်တိုဘာ ၁၆ ရက်က စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
စစ်ကောင်စီက ပြည်ထောင်စုအခွန်ဥပဒေကို စိတ်တိုင်းကျ ပြင်ဆင်ခဲ့ပြီးနောက် ပြည်ပကို သွားရောက်မယ့် မြန်မာနိုင်ငံသားတွေရဲ့ လစဉ် အခွန်ထမ်းဆောင်ထားတဲ့ လက်မှတ် မပြနိုင်ရင် ပတ်စ်ပို့သက်တမ်း တိုးမပေးတော့ဘူးလို့ စက်တင်ဘာ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။