
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံအကျဉ်းထောင်မှာ ဇူလိုင် ၁၄ ရက် ညပိုင်းက စစ်အာဏာရှင်တပ်က သေနတ်နဲ့ပစ်ခတ်လို့ အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား တယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတွေ ချုပ်နှောင်ထားရာအခန်းကို ထောင်ဝန်ထမ်းတွေက မကြာခဏ ဝင်ရောက်ရှာဖွေရာကနေ ရုန်ရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
"လဝကချုပ်မိန့်နဲ့ ဖမ်းထားတဲ့ တရုတ်နိုင်ငံသားတွေထားတဲ့အခန်းကို ထောင်ဝန်ထမ်းက မကြာခဏ စစ်ဆေးရေးလုပ်လို့ တရုတ်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာကို ထောင်မှာစောင့်နေတဲ့ စစ်တပ်က အချုပ်ခန်းထဲကို သေနတ်နဲ့ပစ်တာ တယောက်သေတယ်၊ ၆ ယောက်ဒဏ်ရာရတယ်။”
ဒဏ်ရာရရှိခဲ့တဲ့ တရုတ်နိုင်ငံသား ၇ ယောက်ကို ကျိုင်းတုံမြို့နယ်ဆေးရုံကို ပို့ဆောင်ရာ ဇူလိုင် ၁၅ ရက်မနက်မှာ တယောက်သေဆုံးသွားတယ်လို့ ဆေးရုံနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
"သေနတ်ဒဏ်ရာရလို့ ဆေးရုံကိုရောက်လာတာ ၇ ယောက်၊ တယောက်က ဆေးရုံရောက်ပြီး နောက်မနက်မှာပဲ သေသွားတယ်။ အတွင်းလူနာအဖြစ်ကုနေတဲ့ ၆ ယောက်ထဲမှာလည်း ၃ ယောက်က အခြေအနေစိုးရိမ်ရတယ်။”
သေဆုံးသွားသူဟာ တရုတ်နိုင်ငံသား လျိုထျဲန် ဖြစ်ပြီး ဆေးကုသမှု ဆက်လက်ခံယူနေသူ ၆ ယောက်ကလည်း တရုတ်နိုင်ငံသားတွေဖြစ်ကာ အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသား သေဆုံးပြီးနောက် စစ်အာဏာရှင်တပ်က ကျိုင်းတုံအကျဥ်းထောင်တွင်း စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။ ကျိုင်းတုံထောင်တွင်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










