DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် တိုက်ခိုက်မှုပေါင်း ၂၄၂ ကြိမ် ပြုလုပ်
DVB
·
October 22, 2023
စစ်ကိုင်းတိုင်းတွင် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် တိုက်ခိုက်မှုပေါင်း ၂၄၂ ကြိမ် ပြုလုပ်
Donate to DVB

ဒီနှစ်မေလကနေ သြဂုတ်အထိ လေးလတာအတွင်း စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက စစ်ရေးမဟုတ်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်တာ စုစုပေါင်း ၂၄၂ ကြိမ်အထိ ရှိခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ပိုလုပ်လာတယ်လို့ အရပ်ဘက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီကို တွန်းလှန်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ပိုလုပ်လာပါတယ်။

တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းဒေသမှာ ပြီးခဲ့တဲ့ မေလကနေ သြဂုတ်အထိ ၄ လတာအတွင်း စစ်ရေးမဟုတ်တဲ့ အရပ်သားပစ်မှတ် စုစုပေါင်း ၂၄၂ ကြိမ် ရှိခဲ့တယ်လို့ အရပ်ဘက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ပဉ္စမ မဏ္ဍိုင်က ကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။

အဲဒီ စစ်တမ်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ချင်းပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် ၄ ခုက ခရိုင် ၉ ခုမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

"စစ်ကိုင်းတိုင်းမှာဆိုရင် စစ်ရေးပစ်မှတ် ၅၈ ခု ဖြစ်ခဲ့တယ်။ အရပ်သားပစ်မှတ်အပေါ်မှာဆို ၂၄၂ မှု တွေ့ခဲ့ရတယ်။ မကွေးတိုင်းမှာဆိုရင် ဖြစ်စဉ် ၁၈ ခုသာ စစ်ရေးပစ်မှတ်ဖြစ်ခဲ့တယ်။ အရပ်သားပစ်မှတ်က ၅၀ ကျော် ဖြစ်ခဲ့တယ်။ ထူးခြားချက်အနေနဲ့ ချင်းပြည်နယ်က စစ်ရေးပစ်မှတ် ပိုများတယ်။ အရပ်သားပစ်မှတ်က ၂၁ ခုပဲ ရှိတယ်။ ကျူးလွန်မှုတွေသည် လက်နက်ကိုင် အချင်းချင်းမှာပဲ ကျူးလွန်တာမျိုး မဟုတ်ဘဲ အရပ်သားတွေ နီးစပ်ရာ အရပ်သားတွေအပေါ်မှာ ပိုပြီး ပစ်မှတ်ထားလာတယ်ဆိုတာ သိသာထင်ရှားလာတယ်။ နောက်တခုက ချင်းပြည်နယ်မှာဆို ဘာလို့ စစ်ရေးပစ်မှတ်က ပိုများတာလဲဆိုရင် လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေဆဲ ဖြစ်တဲ့အတွက် သူတို့ဆီမှာ စစ်ရေးပစ်မှတ်က များတယ်ဆိုတာ ဖော်ပြနေတယ်"လို့ "ပဉ္စမ မဏ္ဍိုင်" အရပ်ဘက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ ကိုယောလေးက ပြောပါတယ်။

စစ်တမ်းအရ လေးလတာအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ချင်းပြည်နယ်တို့မှာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၂၀ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်စဉ်ပေါင်း ၃၀၀ လောက်အထိ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် စုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်းကျော် ရှိနေတာ တွေ့ရပါတယ်။

ကောက်ယူထားတဲ့ အချက်အလက်တွေအရ မြို့နယ်အလိုက် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာလည်း စစ်ကိုင်းမြို့နယ် တခုတည်းမှာ ဖြစ်စဉ်ပေါင်း ၆၂ ခု၊ ကလေးမြို့နယ်မှာ ၅၆ ကြိမ်၊ မုံရွာမြို့နယ်မှာ ၅၂ ကြိမ်နဲ့ ဂန့်ဂေါမြို့နယ်တို့မှာ ၃၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းဟာ စစ်ရေးပဋိပက္ခကြောင့် ထိခိုက်မှု အများဆုံး ဖြစ်ပွားနေတာ တွေ့ရတယ်လို့ စစ်တမ်းက သက်သေပြနေပါတယ်။

ဒီလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့၊ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ ပြုစုထားတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး နောင်တချိန်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG တရားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

NUG အစိုးရ၊ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က "စစ်တမ်းကောက်ယူနေတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ နောင်တချိန်မှာရော အခုချိန်မှာရော ဘယ်လို အရေးယူမလဲဆိုတာ စိစစ်နေတယ်။ ကျနော်တို့က အခြားသော စစ်တမ်းကောက်ယူတဲ့ပုံစံတွေနဲ့ မတူဘဲ ဥပဒေအရ ဘယ်လို အရေးယူမလဲဆိုတာကို အဓိက ထားတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အဓိကအားဖြင့် ရှိသမျှ စစ်တမ်း ကောက်ယူတာတွေ လုပ်တယ်။ MoJ ကတော့ ဥပဒေအရ ဘယ်လို အရေးယူမလဲ လုပ်တယ်။ အခုလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေ ရနိုင်သမျှ စစ်တမ်း ကောက်ယူမှု လုပ်ပြီးတော့ နောင်တချိန်မှာ ပြန်လည် အရေးယူဖို့ စစ်တမ်းကောက်ယူတာတွေ ရှိပါတယ်"လို့ ပြောပါတယ်။

NUG အစိုးရ လက်အောက်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း စာရင်းနဲ့တကွ အချက်အလက် ပေးပို့တဲ့အခါ တရားရေးဝန်ကြီးဌာနအနေနဲ့ အမှုတခုချင်းစီကို အသေးစိတ် ကိုင်တွယ် ဖြေရှင်းသွားဖို့ ကိစ္စလည်း အဓိကထား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပဉ္စမ မဏ္ဍိုင်အဖွဲ့ရဲ့ စစ်တမ်းအရ လေးလတာ ကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ချင်းပြည်နယ်တို့မှ ဖြစ်စဉ်ပေါင်း ၅၂၀ မှာ လူပေါင်း ၄၇၃ ယောက် သေဆုံးခဲ့ပြီး၊ ၃၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိကာ ၁၃၁၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖြစ်စဉ်အတွင်း သေဆုံးသူ အမျိုးသား ၄၄၅ ယောက်၊ အမျိုးသမီး ၃၈ ယောက်၊ ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၂၆၀၊ အမျိုးသမီး ၅၃ ယောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013