
အစ္စရေးကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက လုံခြုံရေးနဲ့အကူအညီပေးဖို့ NUG ယာယီသမ္မတ မေတ္တာရပ်ခံလိုက်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အစ္စရေးနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအမြောက်အမြားပိတ်မိနေခဲ့တာပါ။
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခမှာ အရပ်သားပြည်သူတွေ အမြောက်အမြား ရက်အနည်းငယ်အတွင်းမှာ သေကြေပျက်စီးခဲ့တာ၊ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့တာတွေအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီလက Twitter လူမှုကွန်ရက်မှာ အောက်တိုဘာ ၁၉ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်း-အစ္စရေး နှစ်ဖက်စလုံးက ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာက ချက်ခြင်းပေးပို့ဖို့နဲ့ မြန်မာနိုင်ငံနိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံခြားသားတွေအားလုံးကို ဒေသခံအာဏာပိုင်တွေက အကာအကွယ်ပေးဖို့လည်း NUG ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။
"ကမ္ဘာကြီးမှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီလိုတဲ့နေရာ အမြောက်အမြားဖြစ်နေတယ်။ အဲ့ဒါအတွက် ကျနော်တို့ NUG သမ္မတကြီး ဒူဝါလရှီးလက အရပ်သားတွေသေကြေပျက်စီးတာအတွက် သူ့အနေနဲ့ အထူးပဲ ဝမ်းနည်းမိတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတယ်။ International Humanitarian Law (IHL) ကိုအားလုံးလေးစားလိုက်နာဖို့လိုတယ်၊ အရပ်သားတွေကို ပစ်မှတ်အနေနဲ့မသုံးဖို့ဆိုတာကို သမ္မတကြီးကတောင်းဆိုတယ်။ ဒါတွေကိုထုတ်ဖော်ပြောကြားတာဖြစ်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားအမြောက်အမြားလည်း အစ္စရေးမှာ အလုပ်လုပ်ဖို့ရောက်ရှိနေတာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်လည်း သမ္မတကြီးက စိတ်ပူတယ်ပေါ့နော်။ အရပ်သားတွေ၊ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေအားလုံးအတွက် လုံခြုံရေးနဲ့ လိုအပ်တဲ့အကူအညီတွေ သက်ဆိုင်ရာအာဏာပိုင်တွေကပေးဖို့ မေတ္တာရပ်ခံထားတာပါ။" လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။
ယူကရိန်းအရေး၊ အာဖဂန်နစ္စတန်အရေး၊ ဆီးရီးယား၊ အစ္စရေး- ဂါဇာကမ်းမြောင် စသဖြင့် ကမ္ဘာတဝှမ်းမှာ အရေးပေါ်အခြေအနေတွေဖြစ်ပေါ်နေတာကြောင့် ပြည်တွင်းစစ်သဏ္ဍာန်ဆောင်နေတဲ့ မြန်မာပြည်သူတွေအရေးဟာ ဦးစားပေးအနေအထားမှာမရှိဘဲ နိုင်ငံတကာရဲ့မျက်ကွယ်ပြုခံရသလို ဖြစ်နေတာပါ။
ဒီအခြေအနေတွေကို စစ်ကောင်စီက အခွင့်အရေးယူပြီး အောက်တိုဘာ ၉ ရက်နေ့မှာ ကချင်ပြည်နယ် လိုင်ဇာအနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။











