Home
မြန်မာသတင်း
ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်များ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွါးနေ
DVB
·
October 22, 2023

ကရင်နီပြည်နယ်(ကယား)၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ကလေးရော လူကြီးတွေပါ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေပြီး ဆေးဝါးဝယ်ယူဖို့ အခက်အခဲတွေရှိတယ်လို့ ကျန်းမာရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်း ၅ ခုမှာ လူဦးရေ ၅၀၀၀၀ ကျော်နေထိုင်ကြပြီး စစ်ဘေးရှောင်တွေဟာ ဇူလိုင်လကတည်းက စတင်ကာ ရာသီတုပ်ကွေးရောဂါဖြစ်ပွါးနေကြတာလို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက် မှုပေးနေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဘေးရှောင်အများစု ရာသီတုပ်ကွေးဖြစ်ပွားနေကြပါတယ်။ ဆေးရုံ ဆေးပေးခန်းတွေ ရှိတဲ့အတွက် လုံလောက်တဲ့ ကုသမှုတွေတော့ ရကြပါတယ်။”

စစ်ဘေးရှောင်ကလေးငယ်တချို့လည်း သွေးလွန်တုပ်ကွေးဖြစ်ပွါးနေကြပြီး ထိန်းချုပ်လို့တဲ့ အနေအထားမှာရှိတယ်လို့  ကျန်းမာရေး စောင့်ရှောက်ပေးနေသူက ပြောပါတယ်။

ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူမှုတွေ ကန့်သတ်ထားလို့ သယ်ယူဖို့ အခက်အခဲတွေရှိနေပြီး တနိုင်တပိုင် ပရဟိတအသင်းတွေအနေနဲ့လည်း ဆေးဝါးဝယ်ယူဖို့ ငွေကြေး လိုအပ်ချက်တွေရှိနေပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေး အပြင် အအေးမိဖျားနာ၊ ဝမ်းပျက်ဝမ်းလျော၊ အရေပြားနဲ့ဆိုင်တဲ့ ရောဂါတွေလည်း ဖြစ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024