မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကျပ်ထိုးနယ်မြေရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ပခုက္ကူမြို့နယ်ပကဖက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းက ရဲတပ်သားတယောက်ကို စက်တင်ဘာလ ၂၆ ရက်နေ့က ကမ္မမြို့ကို စျေးဝယ်ထွက်လာတဲ့အချိန် ပခုက္ကူပကဖက လမ်းခုလပ်တနေရာမှာ လက်နက် ခဲယမ်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တာလို့ ပခုက္ကူမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၂၃ နှစ်ရွယ် ရဲတပ်သားရီဝေယံ ဖြစ်ပြီး သူ့ဆီကနေ G3သေနတ်တလက်၊ ကျည်ဘောက် ၂ ခု ၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၇၀ လောက် သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။
အဲဒီ ရဲတပ်သားကိုတော့ အသေးစိတ်စစ်ဆေးမေးမြန်းနေပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်းနဲ့အညီ စစ်သုံ့ပန်းအဖြစ်ထားရှိကာ လိုအပ်သလို အရေးယူသွားမယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရဲတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကနေ တဆင့် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့ သတိပေးတိုက်တွန်းထားပါတယ်။
ကျပ်ထိုးရဲစခန်းကို သြဂုတ် ၁ ရက်ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့လို့ ၁၀ ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။