
အစ္စရေး-လက်ဘနွန်နယ်စပ်နားက ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကို ပြထားတဲ့ ဗီဒီယိုဖိုင်တခုကို အစ္စရေးစစ်တပ်က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေက အစ္စရေးမြောက်ပိုင်းဆီ တင့်ကားဖျက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ တုံ့ပြန်ပစ်ခတ်ခဲ့တာလို့ အစ္စရေးက ပြောပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲ ဖြစ်ကတည်းက လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးမြောက်ပိုင်းကြား နယ်နိမိတ်တွေမှာ အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ရှီးယိုက်အစ္စလာမ္မစ် ဟဇ်ဘိုလာအဖွဲ့က တိုက်ခိုက်ရေးသမားတွေကြား အကန့်အသတ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာပါ။
ဟစ်ဇ်ဘိုလာ စောင့်ကြည့်ရေးစခန်းတစ်ခုနဲ့ ဟစ်ဇ်ဘိုလာ ကလာပ်စည်းတစ်ခုကို လည်း တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်က ဟစ်ဇ်ဘိုလာလှုပ်ရှားမှုအဖွဲ့ကြားအခုဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ၂၀၀၆ ခုနှစ် စစ်ပွဲအပြီး လူအသေအပျောက် အများဆုံး တိုက်ပွဲ ဖြစ်လာပါတယ်။
အစ္စရေးအစိုးရက နယ်စပ်မြို့ ကိရိယတ်ရှမိုနာမှာ နေထိုင်သူ ၂၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ဖို့ အောက်တိုဘာ ၂၀ ရက်က အမိန့်ပေးခဲ့ပါတယ်။
လက်ဘနွန်နယ်စပ်မှာ ဒုံးကျည်နဲ့ တိုက်ခိုက်လို့ စစ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပေမဲ့ အချိန်နဲ့ နေရာအတိအကျကို ထုတ်မပြောခဲ့ပါဘူး။
Source/Photo-Reuters











