Home
နိုင်ငံတကာ
ဂါဇာဒေသခံများ တောင်ပိုင်းကို ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ် သတိပေး
DVB
·
October 22, 2023

အစ္စရေးဟာ ဂါဇာမြို့တော်ဧရိယာမှာ ပိုတိုးပြီး တိုက်ခိုက်မှာဖြစ်လို့ ဂါဇာဒေသခံတွေ တောင်ပိုင်းကို ရွှေ့ပြောင်းသင့်တယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အောက်တိုဘာ ၂၁ ရက်မှာ သတိပေးထားပါတယ်။

အစ္စရေးဟာ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းနားက ခြံစည်းရိုးခတ်ထားတဲ့ နယ်စပ်နားမှာ တင့်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေကို စုဆောင်းထားပြီး ဟားမတ်စ်တွေကို ချေမှုန်းဖို့ ရည်ရွယ်ချက်နဲ့ မြေပြင်ကနေ ထိုးစစ်ဆင်ဖို့ စီစဉ်ထားပါတယ်။

အစ္စလာမ္မစ်လှုပ်ရှားမှု ဟားမတ်စ် စစ်သွေးကြွတွေက အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့လို့ အစ္စရေး အယောက် ၁၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီနောက် ဂါဇာကို အစ္စရေးက စုပေါင်းဝိုင်းရံပိတ်ဆို့ထားတဲ့ အတွက် လူပေါင်း ၂ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ရှားပါးပြတ်လပ်နေပါတယ်။

လွန်ခဲ့တဲ့ ၁၂ ရက်ကတည်းက အစ္စရေးက တင်းတင်းကျပ်ကျပ်ဝန်းရံပိတ်ဆို့ထားပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ပထမဆုံး အနေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ယာဉ်တန်းဖြစ်တဲ့ ဂါဇာကမ်းမြောင်ဆီ အကူအညီတွေ တင်လာတဲ့ ကုန်ကား အစီး ၂၀ ဟာ ဂါဇာကို ဖြတ်သွားခဲ့ပါတယ်။

စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါတဲ့ လခြမ်းနီအဖွဲ့ရဲ့ ကုန်ကားအစီး ၂၀ ဟာ အီဂျစ်ကနေ ဂါဇာကို စတင် ရောက်ရှိလာပါပြီဖြစ်ပေမဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လောက်ငဖို့ အဝေးကြီးလိုသေးတယ်လို့ အကူအညီပေးရေး အုပ်စုတွေက ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ရာချီ အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၄၃၈၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးစစ်တပ်က နောက်ထပ်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်နေတဲ့ ရုပ်သံကို အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပြသခဲ့ပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာထိပ်သီးအစည်းအဝေးမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို အာရပ်ခေါင်းဆောင်တွေက ရှုတ်ချလိုက်ပါတယ်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ ဂါဇာက ဟားမတ်စ်အဖွဲ့ လက်ကနေ လွတ်လာတဲ့ အမေရိကန်သုံ့ပန်းနှစ်ယောက်နဲ့ စကားပြောခဲ့ပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024