DVB Logo
Home
Lead Story
တရားခံမရှိတဲ့ ရာဇဝတ်မှုများ
DVB
·
October 22, 2023
တရားခံမရှိတဲ့ ရာဇဝတ်မှုများ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိတော့ဘဲ ပြည်သူတွေမှာ ဥစ္စာဓန ရှိတဲ့သူကလည်း ရှိတဲ့အ‌လျောက်၊ မရှိတဲ့သူကလည်း မရှိတဲ့အလျောက် နေ့ ည လုံခြုံမှုမရှိ ကြောက်ရွံ့ထိတ်လန့်နေကြရတယ်။ ဖြစ်သမျှ အမှုအခင်းတိုင်းကလည်း ကျူးလွန်သူကို ဖမ်းမိတယ်ဆိုတာ မရှိသ‌လောက်ဖြစ်ပြီး ဖမ်းမိပြန်ရင်လည်း အာဏာသိမ်းစစ်အုပ်စုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေ ပါဝင်နေတတ်တယ်။ လူဦးရေထူထပ်တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ နေ့ခင်းကြောင်တောင်ကို ဓားပြတိုက် လုယက် သတ်ဖြတ်တာတွေ နေ့တိုင်းလို ဖြစ်ပေါ်နေတယ်။

မြို့တွေမှာ အများဆုံး ဓားပြတိုက်ခံရရင် ရွှေဆိုင်တွေနဲ့ စတိုးဆိုင်တွေဖြစ်ပြီး သေနတ်ကိုင်ထားတဲ့လူတွေက ဆိုင်အတွင်း ဝင်ရောက်လာကာ လက်နက်ပြပြီး တန်ဖိုးရှိ ရွှေငွေတွေကို ယူဆောင်သွားကြလေ့ရှိတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဘက်က လာရောက်စစ်ဆေးကြပေမဲ့ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိကြပါဘူး။ အခင်းဖြစ်နေရာ ဝန်းကျင်လမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ် ပိတ်မယ်၊ ဖြတ်သွားဖြတ်လာတွေကို တားဆီးစစ်ဆေးမယ်၊ ကာယကံရှင် ကျေနပ်အောင် ဟန်ပြလေး လုပ်ပြနေချိန် ကျူးလွန်သူတွေက ဒီစိန်လက်စွပ်က အဘအတွက် ဖယ်ထားလိုက်ဆိုပြီး ဝေစုခွဲပြီး‌နေရော့မယ်။ လူသွားလူလာများတဲ့ မြို့လယ်ကောင်မှာဖြစ်တာ ရှိသလို လူသွားလူလာနည်းတဲ့ မြို့ပြင်လို နေရာတွေမှာလည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက် လုယက်ကြတယ်။ ထိခိုက်ဒဏ်ရာကြောင့် လူသေဆုံးမှုတွေလည်း မြို့ရွာဒေသတိုင်းမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီအနေနဲ့ ရာဇဝတ်မှုတွေကို တားဆီးထိန်းချုပ်ခြင်း မရှိသလို ဖမ်းဆီးအရေးယူနိုင်ခြင်းလည်း မရှိပါဘူး။ ရပ်ရွာလုံခြုံရေးအကြောင်းပြ ကင်းလှည့်ကြပေမဲ့ သူခိုးဂျပိုး ဖမ်းဆီးရေးထက် တော်လှန်ရေးအင်အားစုတွေ၊ ပါဝင်ပတ်သက်သူတွေကိုသာ ရှာဖွေဖမ်းဆီးနေပြီး လုပ်ငန်းရှင် ချမ်းသာသူတွေကိုပဲ PDF နဲ့ ဆက်သွယ်တယ်၊ ပါဝင်ပတ်သက်တယ် စွပ်စွဲပြောဆိုပြီး ဖမ်းဆီးခေါ်ဆောင်ကာ အတင်းအဓမ္မ ခြိမ်းခြောက် ငွေကြေးတောင်းယူတာတွေသာ လုပ်နေကြတယ်။

ကချင်ပြည်နယ်မှာဆိုရင် လုယက်သတ်ဖြတ်တာတွေ အများဆုံးဖြစ်ပွားနေပြီး ဘယ်အဖွဲ့အစည်းကမှ ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရပါဘူး။ တဖက်နဲ့တဖက် အထင်အမြင်လွဲမှားအောင် လုပ်နေကြတာဆိုရင်လည်း ဘာမှ မသိနားမလည်သူတွေကို မလုပ်ကြပါနဲ့၊ ထိပ်ပိုင်းခေါင်းဆောင်တွေကို လုပ်ကြပါ။ မနက်မိုးလင်းတာနဲ့ ဘယ်နားမှာ အလောင်းတွေ့တယ်၊ ဘယ်နေရာမှာ ဘယ်နှယောက် အသတ်ခံထားရတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ သတင်းထွက်ပေါ်လာတိုင်း ပြည်သူလူထုမှာ စိုးရိမ်ကြောက်လန့်နေကြရတယ်။ ပြည်သူတွေကို အကြောက်တရားတွေပဲ ပေးနေကြတယ်။ ဆိုင်ကယ် ၂ စီး ၃ စီးနဲ့ လူ ၄/၅ ယောက် အုပ်စုမြင်ရင်ကို သတိထား စောင့်ကြည်နေရပြီး ပြည်သူတွေရဲ့ဘဝဟာ လုံခြုံမှု လုံးဝကင်းမဲ့နေကြရတဲ့ အဖြစ်ကို ရောက်ရှိနေကြရပြီ ဖြစ်တယ်။

ဖားကန့်မြို့နယ်မှာဆိုရင် လူဦးရေ ၄ သိန်းအထက်ရှိပြီး အခြေခံလူတန်းစားက ၃ သိန်းနဲ့ အထက်မှာရှိတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရတယ်။ တနယ်တကျေးကနေ လာရောက်အခြေချနေထိုင်သူတွေလည်း အများအပြားရှိပါတယ်။ ယနေ့ ခေတ်ပျက်ကာလကြီးမှာ နေထိုင်စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေ၊ တနေ့လုပ် တနေ့စားတွေ၊ လက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေဟာ တောကြိုတောကြား မှော်ကြိုမှော်ကြား‌ တွေမှာ လှည့်လည်ဈေးရောင်းကာ မိသားစုစားဝတ်နေရေး ဖြေရှင်းရသူတွေဖြစ်လို့ ယနေ့အချိန်မှာတော့ အသွားမတော်တလှမ်း ဆိုသလို မိနစ်ပိုင်း နာရီပိုင်းအတွင်း မိသားစု အတိဒုက္ခ ရောက်သွားနိုင်ပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ လူ့အသက်တချောင်းဟာ တန်ဖိုးမရှိသလိုဖြစ်နေပြီး လက်နက်ကလည်း လူတိုင်းလက်ထဲမှာ ရှိနေတယ်။ မထင်ရင် မထင်သလို သတ်ဖြတ်ပစ်ကြတယ်။ စနစ်လည်းမကောင်း ခေတ်လည်းမကောင်းတဲ့ ကာလကြီးမှာ ပြည်သူလူထုအဖို့ ကူကယ်ရာမရှိတော့ပါဘူး။ တချို့က အကြောင်းရင်းဇာစ်မြစ်ကို မမြင်ကြဘဲ မေ့ပျောက်နေကြတယ်။ စစ်တပ်ကသာ ဥပဒေမဲ့ အာဏာမသိမ်းခဲ့ရင် ဒီလို ဥပဒေမဲ့တဲ့ အဖြစ်မျိုးတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ စစ်တပ်ဘက်ကလည်း သူတို့ကောင်းစားရေး အာဏာလက်မလွှတ်ရရေးအတွက် ရွေးကောက်ပွဲအနိုင်ရသူတွေကို အပြစ်ဆိုကာ အာဏာသိမ်းတယ်။ ပြည်သူလူထုက လက်မခံနိုင်ကြောင်း ထုတ်ဖော်တော့ အာဏာထိန်းတာပါလို့ စကားလုံး ပြောင်းသုံးပြန်တယ်။

ပြည်သူလူထုတွေရဲ့ ဘဝဟာ အားကိုးစရာ ဘာမှရှိမနေတော့ပါဘူး။ အကာအကွယ်ပေးမယ့် ဥပဒေဆိုတာလည်း မရှိ၊ လုံခြုံရေးလို့ပြောပြီး ဘာလုံခြုံမှုမှ မရှိတော့ပါဘူး။

လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုကြည့်ပြီး ယုံကြည်ရတဲ့သူလည်း မရှိတော့ပါဘူး။ စစ်တပ်ဘက်ကို မလိုလားတဲ့သူတယောက်ယောက်က မဟုတ်မမှန် သတင်းပေးလိုက်တာနဲ့ ကိုယ့်ရဲ့အသက် ကိုယ့်ရဲ့ဘဝဟာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေမှာ နေထိုင်ရှင်သန်နေကြရတဲ့ ဘဝတွေ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ စားရင်လည်း သတိနဲ့စား၊ သွားရင်လည်း သတိနဲ့ သွားလာကြပါ။ စစ်အုပ်ချုပ်ရေး ခေတ်ပျက်ကြီးမှာ ဘာမဆို အချိန်တိုအတွင်း ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေဆိုးကြီးက လွတ်မြောက်ဖို့ အာဏာရှင်အမြစ်ပြတ် တော်လှန်ရေးမှာ နိုင်ရာဝန်ထမ်းကြပါလို့ တိုက်တွန်းရင်း ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013