DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လိုင်စင်အာမခံကြေးတိုးကောက်ရန် စစ်ကောင်စီ စီစဥ်
DVB
·
October 21, 2023
ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လိုင်စင်အာမခံကြေးတိုးကောက်ရန် စစ်ကောင်စီ စီစဥ်
Donate to DVB

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီက လိုင်စင်အာမခံကြေးတိုးကောက်ဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝန်းဆီက သိရပါတယ်။

လက်ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကနေ အာမခံကြေး ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁၀၀၀ နဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ တိုးကောက်ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

အဲဒီလို အာမခံကြေးတိုးမြှင့်​ဖို့အတွက် ဇူလိုင်လမှာပြုလုပ်တဲ့ ပြည်ပ အလုပ်အကိုင် ကြီးကြပ်ရေးကော်မတီအစည်းအဝေး နဲ့ စက်တင်ဘာလက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အစည်းအဝေးတို့မှာ ဆွေးနွေးဆုံးဖြတ်ထားတာဆိုပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက MOEAF ထံ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်နဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်အတွက် အာမခံကြေးတိုးမြှင့်မယ့်ကိစ္စနဲ့ ပတ်သက်လို့ MOEAF ရဲ့ သဘောထားကိုလည်း တောင်းခံထားပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေဆီက လိုင်စင်အာမခံကြေးတိုးကောက်ဖို့ ​စီစဥ်နေတာမှန်ကန်ပြီး အေဂျင်စီတွေအနေနဲ့ လွန်ဆန်ဖို့ ခက်ခဲတဲ့အခြေအနေရှိတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"တိုးကောက်မယ်ဆိုလည်း မပေးဘဲနေလို့မှမရတာ။ ဘယ်တတ်နိုင်မလဲ၊ အလုပ်တွေကလည်း ကောင်းတာမဟုတ်တော့ အခက်အခဲတော့ ရှိတာပေါ့။" 

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေအနေနဲ့ အဲဒီအာမခံကြေးတွေ ပေးသွင်းထားရရုံတင်မကဘဲ ဘဏ်ထဲ ကျပ်သိန်း ၁ ထောင် စုဆောင်းထားရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်းရှိနေပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၄၇၀ ကျော်ရှိလာပြီး အာဏာသိမ်းပြီးတဲ့နောက် အေဂျင်စီ ၁၇၀ နီးပါး တရှိန် ထိုးတိုးလာတာလို့ အေဂျင်စီအသိုက်အဝန်းဆီက သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက "လိုင်စင်ယူပြီး လိမ်မဲ့သူတွေအတွက်က အာမခံကြေးတိုးတာ မပြောပလောက်ဘူး။ တကယ်လုပ်နေတဲ့သူတွေက ငွေမလည်ပတ်နိုင်တဲ့ အခက်အခဲတွေရှိတာ" လို့ ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်စည်းကမ်းချက်မှာ နိုင်ငံအလိုက် လုပ်သားပို့မယ့် အေဂျင်စီတခုချင်းအလိုက် တနှစ်ကို အနည်းဆုံး ထိုင်းကို အယောက် ၁၅၀ ၊ မလေးရှားကို ၄၀ ၊ ဂျော်ဒန်ကို ၂၅ ဦး၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအိုကို ၁၀ ဦးစီနဲ့ ဂျပန်ကို ၆ ဦး ပို့ပေးနိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်းရှိနေပြီး အများစုက အရည်အတွက် ပြည့်အောင် စေလွှတ်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013