DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးငွေညှစ်မှုများလာ
DVB
·
October 21, 2023
မော်လမြိုင်တွင် ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးငွေညှစ်မှုများလာ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဧည့်စာရင်းစစ်ဆေးတာတွေ ပြန်များလာပြီး ‌ဖမ်းဆီး ငွေညှစ်တာတွေလည်းရှိလို့ တချို့ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်-ကျိုက်မရောကားလမ်းပေါ်က မင်းရွာအကျဉ်းထောင်သစ်ကို အောက်တိုဘာ ၁၄ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံးချပြီးတဲ့နောက်ပိုင်း  မော်လမြိုင်မြို့ ထဲမှာ ဧည့်စာရင်းစစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြန်လုပ်လာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒလန်သတင်းပေးတွေရဲ့ သတင်းအရ နေအိမ်တွေကို ဧည့်စာရင်း စစ်ဆေးတာမျိုးတွေကြောင့် တချို့အိမ်ထောင်စုစာရင်းပါသူတွေအနေနဲ့ ရှောင်တိမ်း နေရတယ်လို့ သိရပါတယ်။

ရှောင်တိမ်းနေရသူတယောက်က “ဒီ ၁၀ လပိုင်းထဲမှာ ဧည့်စာရင်းစစ်တာ တော်တော် စိပ်လာတယ်။ ကျနော်တို့က အရင် အစိုးရလက်ထက်မှာ အမာခံပါတီဝင်အဖြစ် လှုပ်ရှားခဲ့ဘူးတော့ ဒလန်တွေက ချောက်တွန်းတာပေါ့။ ဝရမ်းတော့ မထုတ်ထားပေမယ့် ဝင်စစ်လို့ မသင်္ကာရင်ဖမ်းခေါ်သွားရော။ လက်ရှိ ကျနော်နဲ့ အရင်အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ မိတ်ဆွေနှစ်ဦး ဆွဲခံထိသွားတယ်။ ခွေးဆွဲမခံနိုင်လို့ ရှောင်နေတဲ့သဘောပါ” လို့ ပြောပါတယ်။

ဧည့်စရင်းစစ်ဆေးရာမှာ ရွှေ့ပြောင်းအလုပ်သမားတွေရှိရာနေရာတွေနဲ့ ယောက်ျားလေး အများစု နေထိုင်ရာ တိုက်ခန်းတွေရှိတဲ့ ရပ်ကွက်တွေကို အဓိကထား စစ်ဆေးနေတယ်လို့ မော်လမြိုင်မြို့ခံတယောက်က ပြောပါတယ်။

“ရပ်ကွက်ထဲရှိ အိမ်အကုန်လုံးကို စစ်တာမဟုတ်ဘူး။ တခြားမြို့က ပြောင်းလာပြီး အလုပ်လာလုပ်တဲ့သူတွေ၊ နောက်ပြီး ယောက်ျားလေးတွေပဲ‌နေတဲ့ နေရာတွေကို စစ်တာ။ မိန်းကလေးသီးသန့်နေတဲ့ အိမ်တို့၊ မိန်းကလေးအများစုရှိတဲ့ အိမ်တို့ကို သိပ်မစစ်ဘူး။ နောက်ပြီး အရင်က ၄ လကို တခါတောင်မစစ်ဘူး။ ထောင်သစ်ကို ဗုံးချပြီးကတည်းက စစ်တာ ၂ ခါ ၃ ခါရှိနေပြီ” လို့ ပြောပါတယ်။

ဧည့်စာရင်းစစ်ဆေးရာမှာလည်း အရင်ကဆို ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတို့ပဲ စစ်ဆေးပေမယ့် အခုအခါတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတွေနဲ့ စစ်ကောင်စီ တပ်သားတွေပါ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ဧည့်စာရင်းစစ်တာဟာ PDF ရန်ကို ကြောက်လန့်တဲ့အပြင် ကြားပေါက်ဝင်ငွေ ရတာကြောင့်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧည့်စာရင်းမတိုင်ကြား‌တဲ့ သူတွေကိုလည်း လူပေါ်မူတည်ပြီး တယောက်ကို ကျပ် ၁ သိန်း ကနေ ၅ သိန်းအထိပေးဆောင်ရသလို မပေးနိုင်ရင် ဧည့်စာရင်း ဥပဒေအရ အရေးယူတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဧည့်စာရင်း မတိုင်တဲ့အိမ်တွေဆို သူတို့ငွေညှစ်တယ်။ မတိုင်တဲ့သူက ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နဲ့ အဆင်ပြေတဲ့သူဆို ၅ သောင်း ၁ သိန်းလောက်ပဲပေးရတယ်။ ခပ်တန်းတန်းဖြစ်တဲ့သူဆို ၂ သိန်းကနေ ၅ သိန်းထိယူတာ။ မပေးနိုင်ဘူးဆို ဖုန်းတွေသိမ်းပြီး တခါတည်းဖမ်းသွားတယ်။ တချို့ကျတော့လည်း မတိုင်တာမဟုတ်ဘူး ပထမလက တိုင်တဲ့ဟာ ရက်လေး ၁ ရက် ၂ ရက်ကျော်သွားလည်း မရဘူး၊ ငွေတောင်းတာပဲ” လို့ ပြောပါတယ်။

အခု ဧည့်စာရင်းတိုင်ရာမှာလည်း အရင်လိုမဟုတ်ဘဲ မှတ်ပုံတင်မိတ္တူပေးတာအပြင် လာတဲ့မြို့က အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ လူတကိုယ်လုံးဓာတ်ပုံတို့ပါ လိုအပ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ်ကနေ မော်လမြိုင်ကို လာရောက်နေထိုင်သူတယောက်က ပြောပါတယ်။

မော်လမြိုင်မြို့မှာ အခုရက်အတွင်း ဧည့်စရင်း ခပ်စိပ်စိပ်စစ်လာသလို လူသွားလူလာများတဲ့ လမ်းဆုံလမ်းခွတွေမှာလည်း CCTV တွေတပ်ဆင်လာပြီး စစ်ဆေးမှုတွေ တင်းကျပ်လာပါတယ်။

ဧည့်စရင်းတိုင်ကြားတဲ့စနစ်ကို အရပ်သား အစိုးရလက်ထက်က ဖျက်သိမ်းခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကျင့်သုံးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013