DVB Logo
Home
မြန်မာသတင်း
ရေး တိုက်ပွဲတွင် စစ်သား ၄၂ ဦးကျော်သေ၊ ဘုတလင်တွင် စစ်သားများ တိုက်ခိုက်ခံရ
DVB
·
October 21, 2023
ရေး တိုက်ပွဲတွင် စစ်သား ၄၂ ဦးကျော်သေ၊ ဘုတလင်တွင် စစ်သားများ တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ဆေးရေးဂိတ်တခုကို PDF တွေက တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် အပါအဝင် ၄၂ ယောက်ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့သလို စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာလည်း စစ်ကောင်စီ စခန်းတွေကို ပြည်သူကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။

Chindwin Brother အဖွဲ့တာဝန်ခံက “ကျနော်တို့ အောက်တိုဘာ ၁၉ ရက်နေ့က ဘုတလင် ထွေအုပ်ရုံးကို ၂ ကြိမ်။ နောက်ပြီးတော့ ညနေ ၃ နာရီအချိန်က ကြောင်မန်းလမ်းခွဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်ဗျ။ အဲဒီနေ့ကတော့ စကစဘက်က ရဲဘော် ၂ ယောက် လက်မောင်းနဲ့ ကျောပြင်ကို ထိမှန်ခဲ့ပြီး တပ်ကြပ်ကြီးဆိုသူတယောက်လည်း ခြေထောက်ထိမှန်ပြီး ဖြတ်တောက်ရမယ့် အခြေအနေထိ ဆိုးဆိုးဝါးဝါး ဖြစ်သွား ခဲ့တယ်လို့ သိထားရတယ်ဗျ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ မီးသတ်ရုံးတို့ကို ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးကိုတော့ စုံစမ်းနေတုန်းဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို B21 ကနီ၊ ကိုဘရာအဖွဲ့၊ အုပ်ကြီးနှင်းအဖွဲ့၊ တပင်ရွှေထီးအဖွဲ့နဲ့ အတူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကိုလည်း PDF တပ်တွေက အောက်တိုဘာ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ ၂ ယောက် အပါအဝင် ၁၅ ယောက်ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရှိရတယ်။

ဒေါန စစ်ကြောင်းက ဗိုလ်ရန်နိုင်က “ရေးတံတားကြီး တိုက်ပွဲအပြီး ပြန်လာချိန်မှာ ဝယ်ပေါင်ရွာနဲ့ ကျုံလောင်းရွာဟောင်းကြား တနေရာမှာ စစ်ကောင်စီဘက်က ကင်းပုန်းအဖွဲ့နဲ့ အလစ်အငိုက် ဖြတ်တိုက်တာပါ။ အဲဒါကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက်ကတော့ နည်းနည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်ဘက်က တခါပြန်ဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်ရာမှာတော့  အဲ့ဒီမှာ စကစဘက်က ၂၇ ယောက် သေတယ်။ လက်နက်မျိုး စုံ ၁၃ လက် သိမ်းဆည်းရမိတယ်။ RPG တို့၊ စက်လက်တို့လည်း ပါသိမ်းဆည်းရတယ် လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရေးမြို့နယ်က စစ်ကောင်စီတပ် ခလရ ၆၁ နဲ့ စကခ ၁၉ တပ်ထဲကို ၈၁ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီ တပ်ရင်းတပ်ဖွဲ့ဝန်းထဲမှာလည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခလရ ၆၁ နဲ့ စကခ ၁၉ တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူအနေနဲ့ ပြန်ပြီး ပစ်ခတ်ခဲ့ပြီး တိုက်ပွဲတွေကြောင့် ကျုံလောင်းရွာဟောင်းဘက်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေးမြစ်ကူးတံတား စစ်ဆေးရေးဂိတ်တိုက်ပွဲမှာ အရပ်သားအမျိုးသားတယောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ MSRF တပ်ဖွဲ့နဲ့ ABSDF တပ်ရင်း ၁ က ရဲဘော်တွေဟာ လုံခြုံဘေးကင်းတဲ့ နေရာကို ရောက်နေပြီဖြစ်ပြီး ဒဏ်ရာရ ရဲဘော်တွေကို လိုအပ်တဲ့ဆေးဝါးကုသပေးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ပွဲတွေကနေ MA10/RPG - ၁ လက်၊ MA 3- ၂ လက်၊ MA1- ၄ လက်၊ MA4- ၁ လက်၊ MA2- ၂ လက်၊ ၆၀ မမ စိန်ပြောင်းအတို ၁ လက်၊ ၄၀ မမ ဗုံးသီး ၂၄ လုံး၊ RPG ဗုံးသီး ၅ တောင့်၊ RPG ပို့ယမ်း ၄ တောင့်၊ အီနာဂါဗုံးသီး ၁၉ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၄ လုံး၊ 5.56 box ၃၄ ခု၊ စက်လက် box ၁ ခု၊ ပစ္စတို ၂ လက်၊ အတိုကျည် box ၃ ခု၊ ၉ မမ ကျည် ၁၈ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၁၃၆၇ တောင့်၊ AK ကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၇ လုံး၊ ဆက်သွယ်ရေးစက် icon ၂ ခု နဲ့ Icon two way Radio ၃ လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013