DVB Logo
Home
မြန်မာသတင်း
အရှေ့တောင်ပိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရ၊ ဒီပဲယင်း၊ ဝဘာရွာကို စစ်တပ်မီးရှို့
DVB
·
October 21, 2023
အရှေ့တောင်ပိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရ၊ ဒီပဲယင်း၊ ဝဘာရွာကို စစ်တပ်မီးရှို့
Donate to DVB

မွန်ပြည်နယ်၊ အရှေ့တောင်ပိုင်းစစ်ဌာနချုပ် မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခံရပြီး ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝဘာရွာကို စစ်ကောင်စီက မီးရှို့နေပါတယ်။

မွန်ပြည်နယ်၊ အရှေ့တောင်ပိုင်းစစ်ဌာနချုပ်ကို အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းက မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်

“ရည်ရွယ်ထားတာတော့ ၃ စီးဗျ။ ပထမဆုံးက အလစ်အငိုက် တိုင်းရုံးကို ချမယ်။ ဒုတိယက ဆီလှောင်ရုံကိုချပြီး ဆီတွေပေါက်ပြီး ယိုတဲ့အချိန်မှာ တတိယတစီးနဲ့ မီးလောင်အောင်လုပ်ဖို့ ရည်ရွယ်ထားတာ။ ပထမ ၂ စီး တက်သွားပြီးတော့ တတိယအစီးက စက်ချို့ယွင်းပြီး စတက်ကာစမှာပဲ ပြန်ဆင်းသွားလို့ ၂ စီးပဲ ချလိုက်ရပါတယ်။ ဗုံးအမျိုးအစားကတော့ မြို့ထဲမှာသုံးတာဆိုတော့ ပြည်သူတွေ မထိခိုက်အောင် အထူးလုပ်ထားတဲ့ ဗုံးတွေပါ။ လိုချင်တဲ့ Target Locked လုပ်ထားပြီး Target ရဲ့ သတ်မှတ် ဧရိယာထဲရောက်မှသာ ကွဲမယ့် ဗုံးတွေပါ။ Target Area ကလွဲလို့ တခြားဘယ်မှာမှ မကွဲအောင်လုပ်ထားတော့ ပြည်သူတွေအတွက်လည်း အန္တရာယ်ကင်းမယ်၊ ကွဲတဲ့အသံကြားတာနဲ့ Target ထိပြီဆိုတာ သေချာသိနိုင်တယ်။ ဒါကြောင့် တတိယတစီး စက်ချို့ယွင်းပြီး ပြန်ဆင်းတဲ့အခါမှာ ပေါက်ကွဲခြင်းမရှိဘဲ အန္တရာယ်ကင်းကင်းပြန်လည် ဆုတ်ခွာနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

လေယာဉ် ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာအတွက် ထိခိုက်တာကို အတိအကျမသိရသေးဘဲ ဒီတိုက်ခိုက်မှုကို KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့ နဲ့ Alpha bats (Fixed-Wing Drone Force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီအခြေစိုက်တပ်ရင်း ခမရ ၂၀ ကနေ အောက်တိုဘာ ၂၀ ရက်နေ့ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူ ဒေသခံတယောက်က “မြို့အထွက်ဘက်ကို လက်ကြီးနဲ့ ၈ လုံးပစ်ခတ်တာပါ။ ခမရ ၂၀ ထဲမှာ စစ်တပ်က အထက်အရာရှိတွေက တနေ့ဘယ်နှစ်လုံး ပစ်ရမယ်ဆိုပြီး အမိန့်ပေးထားတယ်။ အဲဒီလို မပစ်ရင် ရာထူးချသလို လစာဖြတ်မယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

တချို့လက်နက်ကြီးကျည်တွေဟာ ရွာထိပ်တွေရော၊ ရွာထဲတွေရော၊ လယ်ကွင်းပြင် တွေမှာပါ ကျရောက်ပေါက်ကွဲလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိပြီး ပုဇွန်မြောင်းရွာနဲ့ ညောင်ပင်ကြီး အနီးတဝိုက်ရွာတွေက ဒေသခံ ၈ ယောက်လောက် လက်နက်ကြီး ထိမှန်သေဆုံးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝဘာရွာကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နေ့ခင်း ၁၂ လောက်က အကြောင်းမဲ့ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက်နေ့က ရေဦးမြို့ကနေ ကား ၄ စင်းနဲ့ ရောက်လာခဲ့ပြီး ဒီနေ့ မနက်ပိုင်းက ဒီပဲယင်းမြို့ကနေ စစ်ကြောင်းထိုးလာတာပါ။

ဒီပဲယင်းညီ‌နောင်များ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူက “ဒီနေ့ စစ်ကြောင်းစထွက်ပြီး ဝဘာရွာကို မီးရှို့နေတာဗျ။ စစ်ကြောင်းလာကတည်းက ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတာ။ တိုက်ပွဲလည်း မဖြစ်ဘူရယ်။ သူတို့ ရွာကိုရှို့ချင်လို့ရှို့နေတာပါ။ ဘာတိုက်ပွဲမှမရှိဘူးဗျ။ ပြောရရင်တော့ သူတို့ စစ်ကြောင်းထိုးလာကတည်းက ဒီပဲယင်းမြို့ပေါ်က ပျူတွေကို လမ်းပြအဖြစ် ခေါ်လာ‌တာတွေလည်းရှိတယ်။ အဲဒီ ဒေသခံ ပျူတွေက ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုနဲ့ သူတို့မတည့်တဲ့သူတွေအိမ်ကို လက်ညိုးထိုးပြီး စစ်သားတွေကို မီးရှို့ခိုင်းတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အခု စစ်ကောင်စီမီးရှို့နေတဲ့ ဝဘာရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး  ဒီပဲယင်းမြို့နဲ့လည်း ၁ မိုင်လောက်ပဲ ဝေးပါတယ်။

ဒီရွာကို ၂၀၂၂ ခုနှစ် မတ်လတုန်းကလည်း တကြိမ်မှုရှို့ခဲ့သေးပြီး အဲဒီတုန်းက အိမ် ၆၀ လောက် မီးလောင်ပျက်စီးခဲ့ရပါတယ်။

အခုတော့ စစ်ကောင်စီတပ်သားတွေရှိနေသေးလို့ မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေအတွက် အတိကျမသိရသေးသလို ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်း နေရပါတယ်။

ဝဘာကျေးရွာကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝဘာရွာနဲ့ ရွာချင်း ကပ်လျက်မှာရှိတဲ့ မှန်သာရွာမှာလည်း ကြိုတင်နေရာယူထားပြီး ကင်းပုန်းဝပ်နေတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013