DVB Logo
Home
မြန်မာသတင်း
စစ်တပ်စခန်းများကို KIA က သိမ်းပြီးနောက် ကချင်နှင့် ရှမ်းမြောက်တွင် စစ်တပ်က ဗုံးကြဲ
DVB
·
October 21, 2023
စစ်တပ်စခန်းများကို KIA က သိမ်းပြီးနောက် ကချင်နှင့် ရှမ်းမြောက်တွင် စစ်တပ်က ဗုံးကြဲ
Donate to DVB

မြစ်ကြီးနား - ဗန်းမော် လမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၀ ရက်မှာ ကေအိုင်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ကချင်ပြည်နယ်၊ နမ်ဆန်ယန်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ကေအိုင်အေ တပ်မဟာ ၆ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လိုင်လွမ် အောင်ဂျာယန်မှာ စခန်းချနေထိုင်တဲ့ လိုင်ဇာ စစ်မျက်နှာရဲ့ အဓိက စစ်ကောင်စီတပ်စခန်း ၃ ခုရှိပြီး အဲဒီထဲက ၁ နေရာကို အစောပိုင်းကပဲ ကေအိုင်အေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျန်နေတဲ့ တပ်စခန်း ၂ ခုကိုအောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကေအိုင်အေက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သတင်းရင်းမြစ်တယောက်က "လိုင်လွမ်အောင်ဂျာကို ဒီနေ့ အကုန်သိမ်းလိုက်ပြီ။ တိုက် ထုတ်လိုက်ပြီ” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီစခန်းဟာ အရင်တုန်းက လိုင်လွမ် ရဲစခန်းကုန်းနေရာနဲ့ (စေတီကုန်း) ဖါ့ရာကောင် ဆိုတဲ့ နေရာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဟို ဘုန်းကြီး ကျောင်းမှာ တကောင်၊ နှစ်ကောင် ကျန်သေးတယ်။ အဲဒါ လက်ကျန် ရှင်းထုတ် ရဦးမယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစလို့ လိုင်ဇာအနီး နမ်ဆန်ယန်နားမှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေပြန်ဖြစ်လာပြီး ၃ လတာ တိုက်ပွဲမှာ အောင်ဂျာယန်မှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီ တပ်စခန်း ၃ ခုကို သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဗန်းမော် - ဝိုင်းမော် ကားလမ်း ထိန်းသိမ်းစခန်းဖြစ်တဲ့ လဲလုံ စခန်းကို ဇူလိုင် ၈ ရက်နေ့ကစပြီး အောက်တိုဘာ ၂၀ ရက်နေ့အထိ ၈၁ ကြိမ် တိုင် အမြောက်၊ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ခဲ့ပေမယ့် အောက်တိုဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စခန်းကနေ ဆုတ်ခွာခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

နှစ်ဖက် ထိခိုက်ကျဆုံးတာနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့ သတင်းအသေးစိတ်ကို မသိရသေးပေမဲ့ စစ်ကောင်စီ သုံ့ပန်းတချို့ အရှင်ဖမ်းမိထားတာကို ကေအိုင်အေ ရှေ့တန်းက မှတ်တမ်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

အဲဒီစခန်းသိမ်းခံရပြီး မကြာခင်မှာပဲ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာအနီးနဲ့ ကေအိုင်ပေ တပ်မဟာ ၆ ဌာနချုပ်ရှိရာဘက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။

ကေအိုင်အေ ရှေ့တန်း သတင်းရင်းမြစ်တယောက်က “ဒီမှာ။ ကျနော်တို့ဆီမှာ။ ၄ ခေါက်။ ဂျက်‌ဖိုက်တာနဲ့ပဲ။ လေယာဉ်သံကြားတာနဲ့ ဗုံးက ကျပြီ။ ၂ နာရီခွဲလောက် ဖြစ်မယ်။ အလုပ်ရှုပ်နေတော့ နာရီတောင် ကောင်းကောင်း မကြည့်မိဘူး” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေတော့ အတိအကျ မသိရပေမယ့် ဆေးကုသမှုခံယူနေတယ်လို့ သူက ပြောပြီး ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ ၁ ယောက် သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။  

စစ်ကောင်စီဘက်ကဝောာ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့၊ နမ့်ကွတ် တပ်မတော်စခန်းတွေကို အေအိုင်အေအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။

အဲဒါကြောင့် ကေအိုင်အေ တပ်မဟာ ၆ နေရာကို လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့နဲ့ တန်ပြန်တိုက်ခိုက်ခဲ့ပြီး ကေအိုင်အေရဲ့ ကာကင်းနေရာတခုကနေ ကေအိုင်အေတပ်ဖွဲ့ဝင်အလောင်းတချို့ ရခဲ့တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ညနေပိုင်းက မုံးကိုးနဲ့ ကွတ်ခိုင်မြို့နယ် အစပ်က စစ်ကောင်စီ စခန်းကို ကေအိုင်အေဘက်က သိမ်းလိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013