DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့် ချင်းပြည်နယ်က ပြည်သူအချို့ ပတ်စ်ပို့လျှောက်ထားပါက ငွေကြေး ပိုပေးနေရ
DVB
·
October 21, 2023
စစ်ကိုင်းနှင့် ချင်းပြည်နယ်က ပြည်သူအချို့ ပတ်စ်ပို့လျှောက်ထားပါက ငွေကြေး ပိုပေးနေရ
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ဘက်က ပြည်သူတချို့ ပတ်စ်ပို့လျှောက်ထားတဲ့အခါ လဝကဦးစီးအရာရှိဆီမှာ လက်မှတ်တောင်းခံရတာကြောင့် ငွေကြေးပိုပေးနေရတယ်လို့ ပတ်စ်ပို့အေးဂျင့် အသိုင်းအဝန်းဆီက သိရပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ မြဝတီ ပတ်စ်ပို့ရုံးမှာလည်း နယ်ကျော်ပတ်စ်ပို့ လုပ်ဆောင်တာတွေကို အောက်တိုဘာ ၁၈ ရက်ကစလို့ လျှောက်ထားခွင့်မပြုတော့ဘူးလို့ ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် အိမ်ထောင်စုစာရင်း ရှိသူတွေကလွဲလို့ တခြားမြို့နယ်တွေကနေ ပတ်စ်ပို့လျှောက်ထားတာတွေကို ကန့်သတ်လိုက်တာပါ။

ရန်ကုန်မြို့က ပတ်စ်ပို့ပွဲစားတယောက်က “မြဝတီက အခု နယ်ကျော်လုပ်လို့ မရတော့ဘူး။ ရန်ကုန်မှာတော့ အွန်လိုင်းဘွတ်ကင် အရင်တင်ရတယ်။ နယ်ပေါင်းစုံ လုပ်ပေးတယ်။ ချင်းတိုင်းရင်းသားက ပိုက်ဆံပိုပေးရတယ်။ ကချင်တော့ မပေးရဘူး။ လဝကဦးစီးနဲ့ တွေ့ရလို့ ပေးရတာ။ ဦးစီးလက်မှတ်ပါမှ ဝင်ရတယ်။ ချင်းတို့၊ တရုတ်တို့၊ ကုလားတို့ ၄ မျဉ်းစောင်း ၅ မျဉ်းစောင်းတွေပေါ့။ အဓိက ချင်းဖြစ်နေလို့ ပေးရတာ။ ဗမာဆိုရင် ရသေးတယ်” လို့ ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေ ပွဲစားကတဆင့် ပတ်စ်ပို့လုပ်မယ်ဆိုရင် အမြန်ကြေး ၇ သိန်း လောက်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

ကိုယ်တိုင်ကြုံရသူတယောက်က “ကျနော်ကိုယ်တိုင်လည်း ပတ်စ်ပို့သက်တမ်းတိုးဖို့ အွန်လိုင်းဘွတ်ကင် တင်တယ်။ ၃၅,၀၀၀ ပေးရတယ်။ ကျနော်က ရန်ကုန်မှတ်ပုံတင် ၁၂ မျဉ်းစောင်း ဖြစ်တယ်။ သက်တမ်းတိုးတာက မတ်လမှရမယ်။ ကျနော်လည်း ချင်းပဲ။ မှတ်ပုံတင်မှာက ၁၂ မျဉ်းစောင်း ကိုင်ထားတယ်။ အွန်လိုင်းဘွတ်ကင်မှာ ရတယ်။ ဒါပေမဲ့ ကျနော် အမြန်ကြေးလိုချင်လို့ နေပြည်တော်မှာစုံစမ်းတော့ ကျနော့်မှတ်ပုံတင်မှာ ချင်းလူမျိုး ဖြစ်နေလို့ မရဘူး။ အဲဒါတော့ ကျနော်ကိုယ်တိုင်ကြုံရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း Passport for Job (PJ) နဲ့ Passport for Seaman (PS) စာအုပ်အမျိုးအစား ကိုင်ဆောင်ထားသူတွေ သက်တမ်းတိုး လျှောက်တဲ့အခါ ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပါမှ သက်တမ်းတိုးကိစ္စတွေ လုပ်ပေးမယ်လို့ ရန်ကုန် အပါအဝင် နယ်ပတ်စ်ပို့ရုံးတွေမှာ ကြေညာလိုက်ပါတယ်။

သင်္ဘောသားတွေနဲ့ ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေဟာ အခွန်ကင်းရှင်းကြောင်းစာရွက် ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ ကို မဖြစ်မနေ ထုတ်ယူဖို့ ကြေညာလိုက်တာပါ။

ချင်းပြည်နယ်၊ ဟားခါး ပတ်စ်ပို့ရုံးမှာတော့ အောက်တိုဘာလမတိုင်ခင် စစ်ကိုင်းဘက်က ချင်းလူမျိုးတွေ လာရောက် ပတ်စ်ပို့လုပ်တဲ့အခါ လုပ်ပေးခဲ့တာရှိပြီး အောက်တိုဘာလကစလို့ နယ်ကျော်ပတ်စ်ပို့လုပ်တာ ခွင့်မပြုတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“ချင်းပြည်နယ်မှာ အရင်တုန်းက တောက်လျှောက် လုပ်ပေးတယ်။ စစ်ကိုင်းမှာနေတဲ့ ချင်းဖြစ်ဖြစ်ပေါ့။ ပြီးခဲ့တဲ့ တလောကစလို့ စစ်ကိုင်းတိုင်းဘက်က ၅ မျဉ်းစောင်းတွေကို မလုပ်ပေးတော့ဘူး။ ၅ မျဉ်းစောင်းတွေဖြစ်တဲ့ စစ်ကိုင်း၊ ကလေးဘက်က တက်ပြီး လုပ်ကြတယ်။ ဟုမ္မလင်းတို့၊ ခန္တီးတို့ဘက်က ချင်းတွေပေါ့။ ၅ မျဉ်းစောင်းတွေက ဟားခါးသွားပြီး လုပ်ကြတယ်။ ပြီးခဲ့တဲ့ တလောကစလို့ ချင်းပြည်မှာ ၄ မျဉ်းစောင်းတွေပဲ ပေးလုပ်တော့တယ်” လို့ ချင်းဒေသခံတယောက်က ပြောပါတယ်။

ကချင်တိုင်းရင်းသူတယောက်ကတော့ စစ်တပ်ကိုမကြိုက်လို့ ဆန့်ကျင် ပုန်ကန်တာတွေကြောင့် အခုလို တိုင်းရင်းသားတွေ ပတ်စ်ပို့လျှောက်ထားတာတွေကို ကန့်သတ် ချုပ်ကိုင်လာတာ ဖြစ်နိုင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်ကို မကြိုက်တာရယ်၊ ဆန့်ကျင်တာရယ်ကြောင့် ကချင်လူမျိုးထဲမှာ သူပုန်တွေ အများကြီးပဲ။ ချင်းလူမျိုးတွေလည်း အခု မလေးရှားနိုင်ငံတွေလည်းရောက်၊ သြဇီတွေလည်း ရောက်၊ တခြားနိုင်ငံတွေရောက်၊ အခု မလေးရှားနိုင်ငံမှာလည်း ချင်းလူမျိုးတွေ အကုန်လုံး ရောက်နေတဲ့အခါ ချင်းလူမျိုးတွေကို သူပုန်လို့ သတ်မှတ်လိုက်တာလေ။ အဲဒါကြောင့် သူတို့က မလုပ်ပေးဘူးကြားတယ်။”

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စတင်ကာ ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီကနေ အခွန်ရယူဖို့ အခွန်အကောက် ဥပဒေကို ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် ပြည်ပရောက် မြန်မာလုပ်သားတွေ မိသားစုဝင်တွေဆီ မဖြစ်မနေ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း ငွေလွှဲဖို့ စစ်ကောင်စီက စီစဉ်ခဲ့ပြီး လုပ်သားအများစုကတော့ စစ်ကောင်စီထံ အခွန်မပေးလိုဘူးလို့ ပြောဆိုကြပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမို များပြားလာပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013