DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆု ပြန်မရုပ်သိမ်းရန် ဘရိုက်တန်မြို့ ကောင်စီထံ သံအမတ်ဟောင်း တောင်းဆို
DVB
·
October 20, 2023
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဆု ပြန်မရုပ်သိမ်းရန် ဘရိုက်တန်မြို့ ကောင်စီထံ သံအမတ်ဟောင်း တောင်းဆို
Donate to DVB

နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ထားတဲ့ Freedom of the City ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းခြင်းမပြုဖို့ ဘရိုက်တန်  Brighton and Hove မြို့တော်ကောင်စီကို ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းက တောင်းဆိုလိုက်ပါတယ်။

အာဏာရှိနေစဉ်အချိန်မှာ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး နိုဘယ်ဆုရှင် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ဆုကို ပြန်လည်ရုပ်သိမ်းဖို့  အင်္ဂလန်နိုင်ငံ ဆက်စ်ဆက်ကောင်တီအတွင်းရှိ Brighton and Hove မြို့ရဲ့ မြို့တော်ကောင်စီက စဉ်းစားနေတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေအတွက်  ၂၀၁၁ ခုနှစ်မှာ Brighton and Hove မြို့တော်ကောင်စီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ် အာဏာရလာတဲ့အချိန်မှာတော့ မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဖိနှိပ်ကွပ်မျက်နေတာတွေကို ဝေဖန်တားမြစ်ခြင်းမရှိခဲ့လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုက်အဝန်းက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ဆုကို ပြန်လည်ရုပ်သိမ်းရေးအပေါ်မှာ ပြန်လည်စဉ်းစားသုံးသပ်ဖို့ တောင်းဆိုထားတဲ့ ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တဲ့အချိန်ကလည်း ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

ဦးကျော်စွာမင်းက “မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီနည်းလမ်းတကျ မဲပေးတင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ဆုကို ပြန်ရုပ်သိမ်းဖို့ ကြားရတာဟာ စိတ်မချမ်းသာစရာ အချိန်ပါပဲ။ မြို့တော်ကောင်စီကသာ အဲဒီလိုဆုကို ရုပ်သိမ်းလိုက်မယ်ဆိုရင် သူ့ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို ထိခိုက်နာကျင်စေမှာဖြစ်သလို မြန်မာစစ်အာဏာရှင်တွေကို အားတက်စေမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေ လိုလားတဲ့ အခြေအနေနဲ့ ပြောင်းပြန်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့က မြိုတော်ကောင်စီကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှိနေစဉ်အချိန်အတွင်း လူနည်းစု ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ဖော်ပြထားသလို စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်နှိပ်စက်နေတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သဘောတူ လက်ခံထားတယ်လို့ ပြောတဲ့သူတချို့ရှိနေကြောင်း ဖော်ပြထားပါတယ်။

ယူကေအတွင်းက အောက်စဖို့မြို့၊ စကော့တလန်မြို့တော် အီဒင်ဘာ့ဂ်နဲ့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်တို့ဟာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဆုတွေကို ပြန်လည်ရုပ်သိမ်းခဲ့ကြပါတယ်။

Brighton and Hove မြို့တော်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက “အာဏာရလာပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်းအပေါ် စနစ်တကျနဲ့ ခွဲခြားငြင်းပယ်ခြင်းကို ဆက်လက် လက်ခံထားပြီး၊ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ကာလကြာ ပစ်မှတ်ထား အနိုင်ကျင့်နှိပ်စက်နေခဲ့တာတွေကို ဖော်ထုတ်ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေဟာ ကျနော်တို့ မြို့တော်ကောင်စီက လူ့အသိုင်းအဝိုင်းအပေါ်ထားတဲ့ တန်ဖိုး၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးတွေနဲ့ ကွဲလွဲဆန့်ကျင်နေတယ်လို့ ယုံကြည်လက်ခံထားပါတယ်” လို့ ပြောပါတယ်။

ဆုကို ပြန်လည်ရုပ်သိမ်းမယ့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက် မွန်းလွဲပိုင်းမှာ ကောင်စီဝင်အဖွဲ့တွေ ဆွေးနွေးခဲ့ကြပြီး ကောင်စီအထူးအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားကြမှာဖြစ်ကြောင်း ယူကေအခြေစိုက် The Argus သတင်းမှာ ဖော်ပြထားပါတယ်။

Source: The Argus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013